DVB Logo
Home
မြန်မာသတင်း
ခွင့်ပြန်များကို OWIC တွင်ပါသည့် ကုမ္ပဏီနှင့်မတူသဖြင့် ထွက်ခွာခွင့်မပေးဘဲ ထပ်မံတင်းကျပ်
DVB
·
March 31, 2026
Photo- MOL
Photo- MOL
Donate to DVB

ပြည်ပမှ ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြည်ပထွက်ခွာခွင့် တင်ပြလျှောက်ထားတာနဲ့ပတ်သက်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) မှာပါတဲ့ ကုမ္ပဏီနဲ့မတူရင် ခွင့်ပြုချက်ချမပေးဘဲ နောက်တမျိုး တင်းကျပ်လာတယ်လို့ သက်ဆိုင်ရာအလုပ်သမားတွေဆီက သိရပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဟာ ခွင့်ပြန်အလုပ်သမားတွေရဲ့ ထွက်ခွာမဲ့နိုင်ငံနဲ့ ကုမ္ပဏီ မတူတာကို အရင်က ကန့်သတ်တာမျိုးမရှိဘဲ အခုမှလက်မခံတော့တာလို့ ဆိုပါတယ်။

ခွင့်ပြန်အလုပ်သမား တယောက်က “နောက်တမျိုးထပ်ရစ်တာ။ နည်းမျိုးစုံ နဲ့ ဒုက္ခပေးလို့ကို မကုန်နိုင်ဘူး။ သူများနိုင်ငံထဲဝင်ရတာ ဘာမှမဖြစ်ဘူး။ ကိုယ့်နိုင်ငံက ထွက်ရတာ မလွယ်ဘူးဖြစ်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြည်ပထွက်ခွာခွင့် လျှောက်ထားတဲ့ အလုပ်သမား ၂၄ ယောက်ကို OWIC မှာပါတဲ့ ကုမ္ပဏီနဲ့ အမှန်တကယ် သွားရောက်လုပ်ကိုင်မဲ့ ကုမ္ပဏီမတူလို့ ပြန်တင်ရမယ်ဆိုပြီး မတ် ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ထုတ်ပြန်တဲ့ OWIC ကတ် လက်ဝယ်ကိုင်ဆောင်ထားပြီး ပြည်ပထွက်ခွာခွင့်ရရှိသူ စာရင်းထဲမှာ ကုမ္ပဏီမတူရုံတင်မကပဲ နိုင်ငံပါမတူတဲ့ အလုပ်သမားအချို့ပါနေတဲ့အတွက် မူဝါဒကွဲလွဲမှုအပေါ် ခွင့်ပြန်အလုပ်သမားတွေက ဝေဖန်နေကြပါတယ်။

ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ OWIC ကတ်ရယူတုန်းက တင်ပြထားတဲ့ ကုမ္ပဏီမှာ အချိန်တခု လုပ်ကိုင်ခဲ့ပေမဲ့ အခြေ အနေအရ တခြားကုမ္ပဏီတခု ပြောင်းရွှေ့ကြတာတွေရှိတဲ့အတွက် ပြန်သွားလုပ်မဲ့ ကုမ္ပဏီတထပ်တည်း မတူနိုင်ဘူးလို့ တောင်ကိုရီးယားမှာ အလုပ်လုပ်နေသူတယောက်က ပြောပါတယ်။

“ဒီမှာဆိုရောက်ပြီး မကြာဘူး၊ အလုပ်တွေပြောင်းလွန်းလို့။ အဆင်မပြေရင်တော့ ပြောင်းကြမှာပဲ။ အဲဒါကိုမှ လိုက်ကြပ်နေရင် အဆင်မပြေဘူး။”

စစ်ကောင်စီအနေနဲ့ ခွင့်ပြန်အလုပ်သမားတွေကို အခုနှစ်ဆန်းကစပြီး ခွင့်ပြုချက်ကျမှ ပြန်ထွက်ခွင့်ရမယ်လို့ တင်းကျပ်ခဲ့သလို ထွက်ခွာခွင့်လျှောက်ရင် အလုပ်ရှင်ကို ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာ ထည့်သွင်းတင်ပြဖို့ သတ်မှတ်ခဲ့ပါတယ်။

စစ်ကောင်စီ သံရုံးတွေကနေ ထွက်ခွာခွင့်လျှောက်သူမှာ အမှန်တကယ် လုပ်ကိုင်နေသူ ဟုတ်၊ မဟုတ်ကို အလုပ်ရှင်ဆီ ဆက်သွယ် အတည်ပြုချက်ယူပြီးမှ ထွက်ခွင့်ပေးတာလို့ ခွင့်ပြန်အလုပ်သမားတွေဆီက သိရပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013