
ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာအနီးမှာ စက်လှေတိမ်းမှောက်လို့ နယ်စပ်ကုန်သည် လူငယ်တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပလက်ဝမြို့နယ် ရှင်းလက်ဝနဲ့ မီဇိုရမ်ပြည်နယ် ဆိုင်းဟာမြို့နယ် ခယ်ခုံကျေးရွာကို ဆက်သွယ်ထားတဲ့ ရှင်းလက်ချောင်းထဲ ရှင်းလက်ဝရွာအနီးမှာ ဩဂုတ် ၁၈ ရက် မနက်က စက်လှေ တိမ်းမှောက်ခဲ့တာပါ။
နယ်စပ်ကုန်သည် အမျိုးသားတယောက်က “သူက ဆိုင်းဟာဘက်ကနေ ပလက်ဝကို အဆင်းမှာ ခုံသောင်ဆိုပြီး သောင်တခုရှိတယ်။ အဲဒီနေရာကို တအားကို ရေစီးကြမ်းတဲ့နေရာဖြစ်တယ်။ အဲဒီမှာ စက်လှေတိမ်းမှောက်ပြီးတော့ ရေစီးနဲ့အတူ မျောပါပြီး သေဆုံးသွားတာ။ မိုးရာသီဆိုရင် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးက ရေစီးကြမ်းတာကြောင့် အရမ်းအန္တရာယ်များတယ်။ နှစ်စဉ်နှစ်တိုင်းလည်း စက်လှေမှောက်ပြီးတော့ ကုန်သည်တွေ၊ စက်လှေသမားတွေ သေဆုံးနေကြတာ” လို့ ပြောပါတယ်။
စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ် ဂူဝကျေးရွာက ကိုဌေးနိုင် ဖြစ်ပြီး အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်မှု အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
ရှင်းလက်ချောင်းဟာ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးမှာ အရေးပါတဲ့ချောင်းဖြစ်ပြီး မိုးရွာရင် တောင်ကျရေတွေနဲ့အတူ ရေစီးသန်ကာ အန္တရာယ်များတဲ့ချောင်း ဖြစ်ပါတယ်။
အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးမှာ မိုးတွင်းရာသီဆိုရင် လမ်းပျက်စီးတာ၊ ရေစီးကြမ်းတာတွေကြောင့် ကုန်သည်တွေဟာ အသက်အန္တရာယ်တွေကြားက ကုန်သွယ်နေကြရပြီး ကုန်ပစ္စည်း ဆုံးရှုံးမှုတွေလည်း မကြာခဏ ရှိကြတယ်လို့ နယ်စပ်ကုန်သည် နောက်တယောက်က ပြောပါတယ်။
“မိုးရာသီဆိုရင် ကုန်သွယ်ကြရတာက အသက်စွန့်ပြီး ကုန်သွယ်ကြရတယ်။ လမ်းပျက်စီးတာ၊ တောင်ပြိုတာတွေကြောင့် ကားတွေတိမ်းမှောက်လည်း ရှိကြသလို ချောင်းတွေမှာ သွားတဲ့ အခါမှာလည်း ရေစီးကြမ်းတာကြောင့် စက်လှေတွေ တိမ်းမှောက်လို့ မကြာခဏ သေဆုံးမှုတွေ ရှိကြတယ်။ ကုန်စည်တွေလည်း ဆုံးရှုံးကြတာပေါ့။ မိုးတွင်း ကုန်သွယ်မှုလုပ်ကြရတာ အရမ်း အန္တရာယ်များတယ်” လို့ ပြောပါတယ်။
ပွင့်လင်းရာသီတွေမှာ အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးမှာ ကုန်ကားတွေ ရှင်းလက်ဝအထိ ရောက်ရှိကြပေမဲ့ မိုးရာသီဆိုရင် စက်လှေတွေနဲ့ အိန္ဒိယနိုင်ငံအထိ သွားပြီးတော့ ကုန်သွယ်ကြရပါတယ်။
စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်ကို ၂၀၂၃ ခုနှစ်ကတည်းက ကုန်စည်စီးဆင်းမှု ပိတ်ဆို့ထားတာကြောင့် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကို ၂၀၂၄ ခုနှစ် အစောပိုင်းမှာ စတင်ပြီး ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို အိန္ဒိယဘက်က အဓိက ကုန်သွယ်နေကြရပါတယ်။











