
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ လုံခြုံရေးကန့်သတ်ချက်တချို့ကြောင့် ကုန်စည်သယ်ယူ ပို့ဆောင်ရာမှာ အခက်ကြုံနေရတယ်လို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။
လုံခြုံရေးအခြေအနေတွေကြောင့် ပလက်ဝမြို့နယ်ထဲက ကုန်သည်တွေ တဆင့်ခံ တထောက်နားပြီး ပစ္စည်းသယ်ယူကြတဲ့ ချောင်းဆုံဒေသမှာ ဒေသခံတွေနေထိုင်ခွင့်မရှိတော့တဲ့အပြင် ချောင်းဆုံကို ကုန်စည်စုရပ်အဖြစ် ထားခွင့်ကိုပါ အာရက္ခတပ်တော် (ULA/AA) နဲ့ ချင်းပြည်သူ့တပ်မတော် (CPU) တို့က ပိတ်ပင်ထားတာဖြစ်ပါတယ်။
ဒါကြောင့် မတူပီဘက်ကဆင်းလာတဲ့ ကုန်ပစ္စည်းတွေကို စက်လှေအချင်းချင်းချိတ်ဆက်ပြီး တခါတည်း တိုက်ရိုက်သယ်ယူနေကြရတယ်လို့ မတူပီဒေသခံ ကုန်သည်တွေက ပြောပါတယ်။
ဒီလို ကုန်စည်စုရပ်မရှိဘဲ တိုက်ရိုက်သယ်ယူနေရတာကြောင့် နောက်ပိုင်းမှာ စက်လှေရရှိနိုင်မှု ခက်ခဲ လာနိုင်သလို၊ ကုန်ပစ္စည်းကြန့်ကြာတာနဲ့ ကုန်သည်၊ စက်လှေသမားတွေကြား အဆက်အသွယ် ပြတ်တောက်တာတွေ ကြုံလာရတယ်လို့ ဒေသခံကုန်သည်တယောက်က ပြောပါတယ်။
“လက်ရှိ ကုန်သည်တွေကြုံနေရတဲ့ ပြဿနာက NDEP နဲ့ ဟိုဘက်ကို တက်လို့မရတဲ့ ပြဿနာပါ။ တချို့ကုန်သည်ဆိုရင် လမ်းမှာ ကုန်တွေအဆက်အသွယ်မရဘဲ ပြတ်ကျန်ခဲ့တာ ရှိတယ်။ အဲဒါကို လိုက်ရှာဖို့ကျတော့လည်း သွားခွင့်မပေးတော့ တော်တော်ဒုက္ခရောက်နေကြရပါတယ်။ တကယ်တော့ ကုန်သည်တွေဘက်က မှန်ကန်တဲ့ အခွန်အထောက်အထားပြနိုင်ရင် တရားဝင် သွားလာခွင့် ပေးသင့်ပါတယ်”
ဒါ့အပြင် အဓိကအားထားနေရတဲ့ ဆမီးလမ်းပိုင်းကို ပြန်လည်ပြုပြင်ထားပြီး လမ်းပြန်ဖွင့်ဖို့ ပြင်ဆင် နေပေမဲ့ ဘယ်နေ့ဘယ်အချိန်မှာ ပြန်ဖွင့်ပေးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အဲဒီလမ်းကြောင်းမှာ ပြီးခဲ့တဲ့မိုးတွင်းကာလက လမ်းပျက်စီးပြီး ယာဉ်တွေ သွားလာရ ခက်ခဲ ခဲ့တာကြောင့် ကုန်စည်စီးဆင်းမှု ၃ ပတ်နီးပါး ကြန့်ကြာခဲ့ပြီး၊ ကုန်ပစ္စည်း တပိဿာကို ကျပ် ၃၅,၀၀၀ အထိ အဆမတန် ဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။
ကုန်သည်တွေဟာ ကျပ်သိန်းထောင်နဲ့ချီ ရင်းနှီးလုပ်ကိုင်နေရတာကြောင့် ဒီလမ်းကြောင်း တခု တည်း ကိုပဲ အကန့်အသတ်နဲ့သွားလာနေရချိန်မှာ လမ်းကြောင်း လုံးဝပိတ်သွားရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုန်သည်အချို့က ထောက်ပြကြပါတယ်။
ကုန်သွယ်ရာမှာ စားသောက်ကုန်တွေအတွက် ပါဆယ်ခွန် ၃ ရာခိုင်နှုန်း ပေးဆောင်ရပြီး၊ အထည်အလိပ်၊ ဘေထုပ်၊ အလှကုန်နဲ့ ဆေးလိပ်ပစ္စည်းတွေအတွက် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ အာရက္ခတပ်တော်ကို အခွန်ပေးဆောင်နေရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ချောင်းဆုံဘက်နဲ့ ဆမီးဘက်တို့မှာတော့ စည်းကြပ်တဲ့ အခွန်နှုန်းထား ကွဲလွဲမှုတွေ ရှိနေတယ် လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်က စစ်အာဏာရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချောင်းဆုံကုန်စည်လမ်းကြောင်း ခေတ္တပိတ်သွားခဲ့ဖူးပြီး၊ အဲဒီနောက်ပိုင်း စားသောက်ကုန် ဈေးနှုန်း တွေ ၁၀ ရာခိုင်နှုန်းလောက် မြင့်တက်သွားခဲ့တယ်လို့ ဒေသခံကုန်သည်တွေဆီက သိရပါတယ်။











