DVB Logo
Home
မြန်မာသတင်း
ရှင်းလက်ဝ-ခယ်ခုံ (ခိုင်ခီ) နယ်စပ်လမ်းကြောင်း ပိတ်ထားသဖြင့် ကုန်သည်များ အခက်တွေ့
ကေခိုင်
·
September 17, 2026
Photo: DVB
Photo: DVB
Donate to DVB

အိန္ဒိယ-ရခိုင် ကုန်သွယ်မှုပြုလုပ်ရာမှာ အရေးပါတဲ့ ရှင်းလက်ဝ-ခယ်ခုံ (ခိုင်ခီ) နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ကစပြီး ယာယီရပ်ဆိုင်းထားတဲ့အတွက် နယ်စယ်ကုန်သည်တွေမှာ အခက်အခဲဖြစ်နေကြပြီး နှစ်ဖက်ညှိနှိုင်းမှု ပြေလည်ပြီး အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဆိုင်းဟာမြို့နယ် ခယ်ခုံ(ခိုင်ခီ)ကျေးရွာ ဆိပ်ကမ်းမှာ မရာလူငယ်အစည်းအရုံး တာဝန်ရှိသူတွေနဲ့ ရခိုင် စက်လှေသမားတွေအကြား စက်လှေထွက်ခွာခွင့်ကိစ္စနဲ့ ပတ်သက်ပြီး စကားများ၊ အချေအတင် ဖြစ်ပွားခဲ့ကြပါတယ်။

လက်ရှိမှာတော့ ပြဿနာဖြစ်ပွားခဲ့တဲ့ ရခိုင်က စက်လှေသမားတချို့ကို အာရက္ခတပ်တော် (AA) က ထိန်းသိမ်းထားပြီး နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်လည် လည်ပတ်နိုင်ဖို့အတွက် မရာလူငယ်အစည်းအရုံး (MTP) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီကုန်သွယ်ရေးလမ်းကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က စတင်ကာ ၃ ရက်ကြာ ယာယီပိတ်ထားလိုက်ပြီး လက်ရှိအချိန်အထိ လမ်းကြောင်းပြန်လည်ဖွင့်လှစ်တာ မရှိသေးပါဘူး။

တဖက်မှာလည်း ခုလို လမ်းကြောင်းပိတ်ထားတဲ့အတွက် ကုန်သည်တွေဟာ ကုန်ကျစရိတ်တွေ တိုးမြင့်လာတဲ့အပြင် ကုန်ပစ္စည်းတွေ ကြန့်ကြာနေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်ကုန်သည် အမျိုးသမီးတယောက်က ပြောပါတယ်။

“လမ်း ၃ ရက် ပိတ်တယ်လို့ ပြောထားပေမဲ့ မနေ့က AA ရဲ့ တာဝန်ရှိသူတယောက် ပြောတာကတော့ ဒီအစည်းအဝေးက မပြီးသေးဘူး၊ ထပ်လုပ်နေရတုန်းပဲ၊ ဆက်ညှိနှိုင်းနေကြတုန်းပဲလို့ ပြောပါတယ်။ အဲဒီလမ်းက ကုန်ချနေတဲ့ ကုန်သည်တွေအတွက် အလွန်အ‌ရေးပါပါတယ်။ ဘာလို့ဆို အဲဒီလမ်းက ကုန်သည်တွေအတွက် စရိတ်စက သက်သာလို့ ပိုသွားဖြစ်ကြတယ်၊ သွားလာရ သက်သာတာပေါ့နော်။ ခု အဲဒီလမ်းပိတ်ထားတော့ ကုန်သည်တွေအတွက် နစ်နာတာပေါ့၊ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးသွားတာပေါ့၊ အချိန်တွေ နှောင့်နှေးကြန့်ကြာတဲ့အတွက် ကုန်စိမ်းဝယ်တဲ့ ကုန်သည်တွေအတွက် နစ်နာမှုတွေ သိပ်ရှိတာပေါ့။ ဒါကြောင့်မို့လို့ ဒီခယ်ခုံလမ်းကို ဖွင့်ပေးစေချင်ပါတယ်၊ ပြီးရင် နှစ်ဖက် ပြေပြေလည်လည် ဖြစ်ချင်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နောက်ပိုင်းကစပြီး စစ်အုပ်စုရဲ့  ကုန်စည်စီးဆင်းမှု ပိတ်ပင်ထားမှုတွေကြောင့် ရခိုင်ပြည်အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ စက်သုံးဆီတွေကို အိန္ဒိယနယ်စပ်ကနေ အဓိက မှီခို တင်သွင်းနေကြရတာပါ။

ဒါကြောင့် လမ်းကြောင်းပိတ်ထားတဲ့အတွက် ကုန်သည်တွေမှာ ထိခိုက်မှုများစွာ ရှိနေပါတယ်။

ဒါ့အပြင် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း ၃ ခုရှိတဲ့အထဲက ရှင်းလက်ဝ-ခယ်ခုံ လမ်းကြောင်းဟာ ကုန်ကျစရိတ် သက်သာတဲ့အတွက် ကုန်သည်အများစု အဓိက အသုံးပြုနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ခုလို လမ်းကြောင်းပိတ်ထားတဲ့အတွက် ကုန်ပစ္စည်းတွေ ပျက်စီးတာနဲ့အတူ ကုန်ကျစရိတ်တွေ တိုးမြင့်လာပြီး အရှုံးပေါ်နေတယ်လို့ အိန္ဒိယကနေ ရခိုင်ဘက်ကို ကုန်တင်သွင်းဖို့ စောင့်ဆိုင်းနေတဲ့ မီဇိုရမ်ရောက် ရခိုင်နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။

“အဲဒီပစ္စည်းတွေက ကြာသွားလို့ရှိရင် စားစရိတ်တွေ၊ နေစရိတ်တွေ၊ လမ်းစရိတ်၊ ကားစရိတ်တွေရဲ့ စရိတ်စကတွေနဲ့ဆိုရင် အစ်မတို့ဆီမှာတော့ အရှုံးတွေရှိတာပေါ့နော်။ ပြဿနာတွေကို အကုန်ရှင်းပြီးမှ အဲဒီလမ်းကို ဖွင့်မယ်လို့ ပြောတယ်။ ခုလောလောဆယ်ကတော့ သုံးရက်ပိတ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ အသေချာ၊ အတိကျ ဘယ်နှရက်ပိတ်မလဲဆိုတာ မသိတော့ ကုန်သည်တွေလည်း အခက်အခဲကတော့ အများကြီးပါပဲညီမရယ်။ အစ်မတို့ ကုန်သည်တွေအနေနဲ့ကျတော့ အဲဒီလမ်းကြောင်းကို ပြဿနာမရှိဘဲနဲ့ ချောချောမွေ့မွေ့နဲ့ သွားချင်တယ်၊ အကုန်ညှိနှိုင်းပြီးတော့ လုပ်စေချင်တယ်။”

တဖက်မှာလည်း India For Myanmar (IFM) အဖွဲ့က ပြစ်မှုကျူးလွန်ခဲ့သူတွေကို ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

အိန္ဒိယ-ရခိုင်နယ်စပ်မှာ ကုန်သွယ်ရေးလမ်းကြောင်း ၃ ခုရှိတဲ့အထဲက ကျန်တဲ့လမ်းကြောင်း ၂ ခု ပုံမှန်လည်ပတ်နေပေမဲ့ ရှင်းလက်ဝ-ခယ်ခုံ လမ်းကြောင်းဟာ ကုန်သည်တွေအတွက် အရေးပါနေတာကြောင့် နှစ်ဖက် အပြန်အလှန် ညှိနှိုင်းမှုတွေ အဆင်ပြေစေဖို့ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013