DVB Logo
Home
ဆောင်းပါး
ဘယ်လာရုစ်-မြန်မာ ပူးပေါင်းမှုမှာ စစ်ဘက်နည်းပညာအပြင် ဘာတွေပါသေးလဲ
DVB
·
November 6, 2026
Photo: MOI
Photo: MOI
Donate to DVB

ဘယ်လာရုစ်နဲ့ မြန်မာကို အရင်က လက်နက်ကုန်သွယ်ဘက် နိုင်ငံတွေထက် မပိုဘူးလို့ သတ်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ လတ်တလောနှစ်တွေအတွင်း အာဏာရှင် နှစ်နိုင်ငံအကြား မိတ်ဖွဲ့မှုဟာ လက်နက်ဆက်ဆံရေးထက် ကျော်လွန်လာတာကို တွေ့နေရပါပြီ။

ဒီအချက်ကို မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ဆိုတဲ့ သဘောတူညီချက်က မီးမောင်းထိုးပြနေပါတယ်။

ဒီစာချုပ်ကို ဘယ်လာရုစ်အာဏာရှင် လူကာရှန်ကိုရဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံဝန်ကြီးတွေ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

လူကာရှန်ကို အစိုးရရဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းပြုစုနေတဲ့ BELPOL အဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်ချက်အရ ဒီလမ်းပြမြေပုံမှာ စစ်ဘက်နည်းပညာနဲ့ စက်မှုလုပ်ငန်းကနေ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးအထိ ပူးပေါင်းဆောင်ရွက်မဲ့ အစီအစဉ်တွေကို တွေ့ရပါတယ်။

အထူးသဖြင့် ယာဉ်ယန္တရားတွေ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တာ၊ ချေးငွေရယူတာနဲ့ စိန်အပါအဝင် အဖိုးတန် ကျောက်မျက်ရတနာတွေ ပေးပို့ရောင်းဝယ်တာတွေ ပါဝင်ပါတယ်။

ဘယ်လာရုစ်က မြန်မာစစ်တပ်ကို ဘာတွေကူညီပေးမှာလဲ

လမ်းပြမြေပုံအရ နှစ်နိုင်ငံဟာ မှန်ဘီလူးနဲ့ ဆက်စပ်ပစ္စည်းတွေ ပူးပေါင်းထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီလုပ်ငန်းအတွက် ဘယ်လာရုစ် စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းကော်မတီနဲ့ မြန်မာကာကွယ်ရေးဝန်ကြီးဌာနတို့က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေ ကိုယ်တိုင်လည်း စစ်ဘက်ဆိုင်ရာ မှန်ပြောင်းတွေ အဓိကထုတ်လုပ်တဲ့ BelOMO လုပ်ငန်းကို သွားရောက်လေ့လာတာတွေ ရှိခဲ့ပါတယ်။

Media

မင်းအောင်လှိုင် ဘယ်လာရုစ်ခရီးစဉ်အတွင်း BelOMO က တာဝန်ရှိသူများနဲ့ ဆွေးနွေးစဉ် (Ministry of Industry, Belarus)

စစ်ဘက်နည်းပညာအပြင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် အရည်အသွေးမြင့် အထည်အလိပ်တွေနဲ့ ဝတ်စုံတွေ ထုတ်လုပ်နိုင်ဖို့ ဘယ်လာရုစ်လုပ်ငန်းစု Bellegprom နဲ့ မြန်မာစက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ သိရပါတယ်။

တဖက်မှာလည်း မော်တော်ယာဉ်နဲ့ ထွန်စက်တွေ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်မဲ့ အစီအစဉ်တွေမှာ မြန်မာက အရပ်ဘက်ဝန်ကြီးဌာနတွေအပြင် ကာကွယ်ရေးဝန်ကြီးဌာနလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

ဒီဝန်ကြီးဌာနတွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်မလဲဆိုတာ အသေးစိတ် မသိရသေးပေမဲ့ မြန်မာမှာ ဘယ်လာရုစ်နည်းပညာသုံး မော်တော်ယာဉ်နဲ့ ထွန်စက်တွေ ထုတ်လုပ်ဖို့ နှစ်နိုင်ငံ ကုမ္ပဏီတွေ စာချုပ်ချုပ်ထားပြီးလည်း ဖြစ်ပါတယ်။

မြန်မာကုမ္ပဏီ Eastern Valley Partners ဟာ ဘယ်လာရုစ်ကုမ္ပဏီ MAZ ဆီက မော်တော်ယာဉ်ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသလို Myanmar Empire Co., Ltd. ကလည်း ဘယ်လာရုစ် ထွန်စက်ထုတ်လုပ်ရေးကုမ္ပဏီ MTZ နဲ့ စာချုပ်ချုပ်ထားကြောင်း သိရပါတယ်။

Media

မောင်မောင်နိုင်ကို မင့်စ်မြို့တွင် ကျင်းပသည့် မြန်မာ-ဘယ်လာရုစ်စီးပွားရေးဖိုရမ်တွင် တွေ့ရစဉ် (BelTA)

Myanmar Empire Co., Ltd. ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုရဲ့ လုပ်ငန်းတွေအတွက် နာမည်ခံ လုပ်ဆောင်ပေးနေတဲ့ ဦးမောင်မောင်နိုင်က တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတွေအကြား ရာဇဝတ်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေးနဲ့ မှုခင်းသိပ္ပံနည်းပညာတွေမှာ ပူးပေါင်းမယ်လို့လည်း ဆိုပါတယ်။

သယံဇာတတွေ အချင်းချင်းရောင်းဝယ်ရေးလည်း ပါဝင်

နှစ်နိုင်ငံ သဘောတူညီချက်ထဲ နောက်ထပ်ပါဝင်တာက စိန်နဲ့ ကျောက်မျက်ရတနာတွေ အပြန်အလှန် ရောင်းဝယ်နိုင်ခြေကို လေ့လာကြဖို့ ဖြစ်ပါတယ်။

ဒီအတွက် ဘယ်လာရုစ် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ မြန်မာက သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့က အဓိက လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

Media

မြန်မာ-ဘယ်လာရုစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) (ရင်းမြစ် - BELPOL)

အခုလို မြန်မာ့ကျောက်မျက်ရတနာတွေ အရောင်းအဝယ်လုပ်မဲ့ အစီအစဉ်မှာ ဘယ်လာရုစ် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်တိုင် ပါဝင်နေတာဟာ နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲဖို့အတွက် ပွင့်လင်းမြင်သာမှု အားနည်းတဲ့ ကျောက်မျက်ဈေးကွက်တွေဆီ ဝင်ရောက်ဖို့ ကြိုးပမ်းမှုတခု ဖြစ်နိုင်တယ်လို့ BELPOL က သုံးသပ်ထားပါတယ်။

Media

မင်းအောင်လှိုင် ၁၁,၀၀၀ ကာရက်ရှိ မိုးကုတ်ပတ္တမြားကို ကြည့်ရှုစစ်ဆေးနေစဉ် (MOI)

အထူးသဖြင့် ဘယ်လာရုစ်နိုင်ငံဟာ စိန်နဲ့ ကျောက်မျက်တွေအတွက် ပြည်ပတင်သွင်းမှုကို အဓိက မှီခိုနေရတာဖြစ်ပြီး အများစုက ရုရှားကလာတာ ဖြစ်ပါတယ်။

ဘွန်းတက္ကသိုလ်က ရုရှားအရေး ကျွမ်းကျင်သူ ပါမောက္ခ Andreas Heinemann-Grüder ကတော့ ဘယ်လာရုစ်ဟာ ကျောက်မျက်တွေအတွက် ရုရှားကို မှီခိုနေရမှုအပေါ် လျှော့ချလိုတာကြောင့် အခြားရင်းမြစ်တွေကိုလည်း ချဲ့ထွင်လာတာ ဖြစ်နိုင်တယ်လို့ DVB ကို ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြားမှာ ကျပ်-ဘယ်လာရုစ်ရူဘယ် တိုက်ရိုက်ငွေချေတာတွေ လုပ်ဆောင်လာနေပေမဲ့ ဒီအဖိုးတန်ကျောက်မျက်ရတနာတွေကို အရန်ငွေပေးချေမှုနည်းလမ်းတခု အဖြစ်လည်း အသုံးပြုနိုင်ခြေရှိနေတယ်လို့ သူက သုံးသပ်ပါတယ်။

ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးအပြင် ကဏ္ဍစုံပူးပေါင်းမှု

နောက်ထပ် ပူးပေါင်းဆောင်ရွက်မဲ့ လုပ်ငန်းတွေကတော့ ဘယ်လာရုစ်ထုတ် ဓာတ်မြေဩဇာတွေ ပေးပို့ရေး ဖြစ်ပါတယ်။

ဘယ်လာရုစ်ဘက်က Belneftekhim လုပ်ငန်းစုနဲ့ မြန်မာဘက်က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ဖို့ လမ်းပြမြေပုံမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘယ်လာရုစ်ခရီးစဉ်အတွင်း Belneftekhim လုပ်ငန်းစုအောက်က Grodno Azot ဓာတ်မြေဩဇာစက်ရုံကို သွားရောက်လေ့လာခဲ့ပါတယ်။

အဲဒီခရီးစဉ်အတွင်းမှာပဲ Grodno Azot နဲ့ Myanmar Empire Co., Ltd. တို့ မြန်မာကို ဓာတ်မြေဩဇာတင်သွင်းဖို့အတွက် စာချုပ်တစောင် လက်မှတ်ထိုးခဲ့ကြပါသေးတယ်။

Media

မင်းအောင်လှိုင် ဘယ်လာရုစ်ရှိ Grodno Azot ဓာတ်မြေဩဇာစက်ရုံတွင် လေ့လာစဉ် (MOI)

ဒါ့အပြင် နှစ်နိုင်ငံ ကုန်သွယ်ရာမှာ ဘယ်လာရုစ်ဘဏ်တွေရဲ့ ချေးငွေကို အသုံးပြုနိုင်ဖို့လည်း ပူးပေါင်းမယ်လို့ ဆိုပါတယ်။

ဒီအတွက် ဘယ်လာရုစ်ဖွံ့ဖြိုးရေးဘဏ် (DBRB) နဲ့ Belinvestbank ဘဏ်တွေကနေ အတိုးနှုန်း ၉ ဒသမ ၃၃ ရာခိုင်နှုန်းနဲ့ ငွေချေးယူနိုင်ဖို့ စစ်အာဏာရှင်လက်အောက်ခံ လွှတ်တော်ကနေ အတည်ပြုချက် ရရှိထားပြီးလည်း ဖြစ်ပါတယ်။

၃ နှစ်အတွင်း ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မဲ့ အစီအစဉ်တွေကို ဖော်ပြထားတဲ့ ဒီလမ်းပြမြေပုံမှာ သံတမန်ရေး၊ လွှတ်တော်၊ သိပ္ပံနဲ့ နည်းပညာ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ ခရီးသွားလုပ်ငန်းတွေအပြင်  Think Tank လို့ ခေါ်တဲ့ အဆင့်မြင့်အကြံပေးအဖွဲ့တွေအချင်းချင်း ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ သတင်းမီဒီယာ၊ ယဉ်ကျေးမှုကဏ္ဍတွေမှာပါ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။

ကန့်သတ်ချက်မရှိတဲ့ ဆက်ဆံရေးလား

ဒီသဘောတူညီချက်တွေကို ကြည့်ရင် မြန်မာနဲ့ ဘယ်လာရုစ်တို့ဟာ ရှိရင်းစွဲ စစ်ဘက်ဆက်ဆံရေးတင် မကဘဲ ကဏ္ဍစုံမှာ အပြန်အလှန်ကူညီကြဖို့  စီစဉ်ထားတာကို မြင်နိုင်ပါတယ်။

အာဏာရှင် နှစ်ယောက်လုံးကလည်း သူတို့ဆက်ဆံရေးဟာ ကန့်သတ်ချက်တွေ လုံးဝမရှိတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Media

လူကာရှန်ကိုနဲ့ မင်းအောင်လှိုင်ကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် အတူတွေ့ရစဉ် (MOI)

ဒါပေမဲ့ ဘယ်လာရုစ်ဘက်ကတော့ ဒီသဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည် ဖော်ချင်နေတာကို မြင်ရပါတယ်။

အထူးသဖြင့် လူကာရှန်ကိုက မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ဒီစီမံကိန်းတွေကို ၂၀၂၇ ခုနှစ်မှာ စာရွက်ပေါ်ကနေ လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အဆင့်ကို ရောက်စေချင်တယ်လို့ တိုက်တွန်းထားသလို တက်တက်ကြွကြွ အကောင်အထည်ဖော်မှပဲ ရှေ့လျှောက် နှစ်နိုင်ငံ ဆက်ဆံရေးက အဆင်ပြေနိုင်လိမ့်မယ်လို့ ထုတ်ပြောထားပါတယ်။

အာလမ္ဗရ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013