
လစ်သူယေးနီးယားနိုင်ငံမှာ အခြေစိုက်မဲ့ ဂျာမနီရဲ့ အမြဲတမ်းတပ်မဟာအနေနဲ့ ကာလင်နင်ဂရက်နဲ့ ဘယ်လာရုစ်နိုင်ငံတွေထဲက စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ကြိုတင်သတိပေးချက်တွေပေးဖို့ အီလက်ထရွန်နစ်စစ်ဆင်ရေး စွမ်းရည်တွေကို သုံးသွားမယ်လို့ ဂျာမန်စစ်တပ်ရဲ့ ဆိုက်ဘာရေးရာ အကြီးအကဲက ပြောပါတယ်။
လာမဲ့နှစ်မှာ အပြည့်အဝ တပ်ဖြန့်ချထားမဲ့ ဒီတပ်မဟာက ရုရှားနဲ့ ဘယ်လာရုစ်စစ်တပ်တွေရဲ့ အချက်ပြ ထုတ်လွှင့်ကိရိယာတွေနဲ့ ရေဒါစနစ်တွေဆိုင်ရာ အချက်အလက်တွေကိုပါ စုဆောင်းသွားမှာပါ။
ဒီအချက်အလက်တွေကို ဂျာမနီနဲ့ မဟာမိတ်တပ်ဖွဲ့တွေသုံးနေတဲ့ အီလက်ထရွန်နစ် စစ်ဆင်ရေးဆိုင်ရာ ဒေတာဘေ့စ်တွေမှာပါ ထည့်သွင်းမွမ်းမံသွားမယ်လို့ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး သောမတ်စ်ဒေါမ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တခုခုဖြစ်လာခဲ့ရင် ဒီတပ်ဖွဲ့တွေက ချက်ချင်း သိနိုင်မှာပါလို့လည်း သူကပြောပါတယ်။ “ကျနော်တို့က အချက်အလက်တွေကို အီလက်ထရွန်နစ်စစ်ဆင်ရေး ဒေတာဘေ့စ်တွေထဲ ထည့်သွင်းမှာဖြစ်ပြီး ဘယ်လာရုစ်ဘက်ခြမ်းမှာ ရေဒါအသစ်တခုခုပေါ်လာရင် ကျနော်တို့ရဲ့ စနစ်အားလုံးဆီကို အဲဒီအကြောင်း အသိပေးသွားမယ်။”
ဥရောပဒေသတချို့မှာ ရုရှားရဲ့ လုပ်ဆောင်ချက်တွေက လက်နက်ကိုင် ပဋိပက္ခအဆင့်ကို မရောက်သေးပေမဲ့ ထိခိုက်နစ်နာစေဖို့ ရည်ရွယ်တဲ့ ဒုတိယအဆင့်ကိုတော့ ရောက်နေပြီလို့လည်း သူက ဆက်ပြောပါတယ်။
ဆိုက်ဘာနဲ့ သတင်းအချက်အလက်ဆိုင်ရာနယ်ပယ်မှာ စစ်ပွဲဖြစ်ပွားနေတာမျိုး မဟုတ်သေးပေမဲ့ ငြိမ်းချမ်းတဲ့ အခြေအနေမျိုးလည်း မဟုတ်တော့ပါဘူးလို့ သူက ပြောပါတယ်။
အရင်အဆင့်တခုမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေကတဆင့် အနောက်နိုင်ငံတွေရဲ့ ကွန်ရက်တွေထဲကို လျှို့ဝှက်ထိုးဖောက်ဝင်ရောက်ပြီး စနစ်တွေအတွင်း ခြေကုပ်ယူတာတွေကို အဓိကထား လုပ်ဆောင်ခဲ့တယ်လို့လည်း သူတို့က ရှင်းပြပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ပေါင်းစပ်တိုက်ခိုက်မှု ပုံစံသစ်တွေကနေ ခြိမ်းခြောက်မှုတွေ တိုးပွားလာနေတယ်လို့ တာဝန်ရှိသူတွေက ပြောထားပြီး တုံ့ပြန်ဖို့ အစီအမံအသစ်တွေကို ဂျာမနီအစိုးရအဖွဲ့က ဩဂုတ်လမှာ အတည်ပြုခဲ့ပါတယ်။
အစီအမံတွေအရ ထောက်လှမ်းရေးအေဂျင်စီတွေက ဆက်သွယ်ရေးစနစ်တွေကို ဟက်ကာနည်းလမ်းနဲ့ ဝင်ရောက်စွက်ဖက်ခွင့်၊ နိုင်ငံခြားပြိုင်ဘက်တွေရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်ဖျက်ဆီးခွင့်ဆိုင်ရာ အာဏာအသစ်တွေ ရလာမှာဖြစ်ပေမဲ့ လွှတ်တော်က ထပ်အတည်ပြုပေးဖို့တော့ လိုပါတယ်။
လက်ရှိမှာ ဂျာမန်စစ်တပ်ဟာ လစ်သူယေးနီးယားနိုင်ငံမှာ အီလက်ထရွန်နစ်စစ်ဆင်ရေးဆိုင်ရာ စနစ်တွေကို စမ်းသပ်နေပါတယ်။
စမ်းသပ်ချက်ထဲမှာ ဒရုန်းတွေကို ထောက်လှမ်းတဲ့ ကိရိယာတွေ၊ အချက်ပြလှိုင်းတွေကို ကြားဖြတ်ဖမ်းယူတာတွေလည်း ပါဝင်ပါတယ်။
Source: Reuters











