
ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ရဲ့ နေအိမ်ရှေ့မှာ မွေးနေ့ဆုတောင်းစကားပြောခဲ့တဲ့ ဂျာမနီသံရုံး ယာယီတာဝန်ခံကို စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးပြီး မြန်မာနိုင်ငံကနေ ထွက်ချင်သွားနိုင်တယ်လို့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဂျာမန်သံရုံးအကြီးအကဲ မက်သီးယားစ် လစ်ချာဇ်ဟာ နိုဝင်ဘာ ၈ ရက်နေ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်မြောက် မွေးနေ့မှာ နေအိမ်ရှေ့သွားရောက် ဗွီဒီယိုရိုက်ကူးခဲ့ပြီး ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ဦးဝင်းမြင့်ကို အသိအမှတ်ပြုထားဆဲဖြစ်ပေမဲ့ စစ်အာဏာရှင်ကတော့ ထိန်းချုပ် ကန့်သတ်ထားတုန်းပဲလို့ ပြောဆိုခဲ့တဲ့ ဗွီဒီယိုကို သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်မှာ ထုတ်ပြန်ခဲ့တာပါ။
ဒီအပေါ်မှာ စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကိုကိုကျော်က ဂျာမနီသံရုံး ယာယီတာဝန်ခံကို သတိထောက်လွှာပေးပြီး သံရုံးယာယီ တာဝန်ခံရဲ့ ပြောကြားချက်ဟာ မင်းအောင်လှိုင်ကို တိုက်ရိုက်စော်ကားရာရောက်တဲ့အပြင် သူတို့လုပ်တဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြသူတွေကိုလည်း မထီမဲ့မြင်ပြုရာရောက်တယ်လို့ ပြောပါတယ်။
သံရုံးယာယီတာဝန်ခံအနေနဲ့ ဗွီဒီယိုရိုက်ကူးတဲ့နေရာရွေးချယ်မှု အပါအဝင် ရည်ရွယ်ချက်ရှိရှိ ပြုမူပြောဆိုဆောင်ရွက်တာတွေဟာ သူတို့အပေါ် အတိုက်အခံလုပ်ဖို့ အားပေးအားမြှောက် လုပ်တဲ့အသွင်တွေ့ရပြီး ပြည်တွင်းမငြိမ်မသက်ဖြစ်စေဖို့၊ သူတို့ စစ်အာဏာရှင်အဖွဲ့ကို အကြည်ညိုပျက်စေဖို့ အားပေးလှုံ့ဆော်ရာရောက်နေတယ်လို့လည်း ပြောပါတယ်။
ဂျာမနီ သံရုံးယာယီတာဝန်ခံရဲ့ ပြောကြားချက်တွေဟာ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ဝေဖန် နေခြင်းဖြစ်လို့ လုံးဝလက်မခံနိုင်ဘူးလို့ဆိုပြီး ဗီယင်နာ ကွန်ဗင်းရှင်း အပိုဒ် ၄၁(၁) ကိုချိုးဖောက်တယ်လို့လည်းဆိုပါတယ်။
ပြည်သူတွေကလည်း လုံးဝ မနှစ်မြို့ဘဲ ဆိုရှယ်မီဒီယာမှာ သံရုံးယာယီတာဝန်ခံကို ဝေဖန်နေကြပြီလို့ ဒုဝန်ကြီး ဦးကိုကိုကျော်က ပြောပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ဂျာမနီသံရုံးရဲ့ ဖေ့စ်ဘွတ်ခ် ဗွီဒီယိုအောက်မှာတော့ မြန်မာပြည်သူတွေက ကျေးဇူးတင်ကြောင်း ထောက်ခံအားပေး ပြောဆိုထားကြတဲ့ မှတ်ချက်တွေ ရှိနေတာဖြစ်ပါတယ်။
သံရုံးယာယီတာဝန်ခံအနေနဲ့ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် သဘောထားပြီး စစ်အာဏာရှင်နဲ့ လက်တွဲမဆောင်ရွက်ချင်ဘူး၊ မြန်မာနိုင်ငံမှာ ဆက်တာဝန် မထမ်းဆောင်ချင်ဘူး ဆိုရင်လည်း တားမှာမဟုတ်ဘူးလို့ ဦးကိုကိုကျော်က ပြောကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီ ဗွီဒီယိုမှာ ပြောတာတွေ၊ ရိုက်မဲ့နေရာကိုရွေးချယ်တာ၊ ဆိုရှယ်မီဒီယာကတဆင့် အများပြည်သူကို ဖြန့်ဝေတာဟာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့လား၊ ဒါမှမဟုတ် သံရုံးတာဝန်ခံရဲ့ သဘောဆန္ဒနဲ့လားဆိုတာကို တရားဝင်ဖြေရှင်းချက်ပေးဖို့ တောင်းဆိုသလို နောက်တခါ ဒါမျိုးလုပ်မယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ သံတမန်ရေးရာ အစဉ်အလာတွေနဲ့အညီ အရေးယူမယ်လို့လည်း ကိုကိုကျော်က ခြိမ်းခြောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဂျာမနီသံရုံးကတော့ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့တရားဝင် သမ္မတအဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်ကြောင်း၊ ထောင်မှ ပြန်လွှတ်ပေးခဲ့တယ်ဆိုပေမဲ့ တွေ့ဆုံခွင့် မရရှိသေးတာကြောင့် ဦးဝင်းမြင့်မှာ အမှန်တကယ် လွတ်မြောက်မှု မရှိသေးဘဲ ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း ထောက်ပြထားပါတယ်။
ဒါ့အပြင် သမ္မတဦးဝင်မြင့်နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းကတည်းက ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးထောင်ချခံနေရတဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို စစ်အာဏာရှင်က ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူးမှာ တောင်ငူထောင်ကနေ ပြန်လွှတ်ပေးခဲ့တာဖြစ်ပေမဲ့ လက်ရှိအချိန်အထိ နေပြည်တော်မှာ လွတ်လပ်စွာ သွားလာခွင့်မရဘဲစောင့်ကြည့်ခံနေရတာဖြစ်ပါတယ်။











