
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချောင်းဆုံကုန်ဆိပ်၊ စက်လှေဆိပ်နဲ့ ကားလမ်းတွေကို စစ်အာဏာရှင်တပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးအပါအဝင် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံ တွေ ဆီကနေသိရပါတယ်။
ချောင်းဆုံကုန်ဆိပ်ကို အောက်တိုဘာ ၁၈ ရက်နဲ့ အောက်တိုဘာ ၁၉ ရက်တွေမှာ ၂ ရက် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ဒေသခံတွေနဲ့ ချင်းဒေသခံတွေရဲ့ အဓိက ကုန်စည်လည်ပတ်ရာ နေရာတခုဖြစ်တဲ့ ပလက်ဝမြို့နယ်၊ ချောင်းဆုံဝန်းကျင်ကို အောက်တိုဘာ ၁၈ ရက် နေ့လယ် ၁ နာရီကျော် လောက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်၊ Y-12 လေယာာဉ်တွေနဲ့ ဗုံးကြဲခဲ့လို့ ၁၀ ယောက် ကျော်သေဆုံးခဲ့ပြီး ၁၀ ယောက် ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ မနက် ၁၁ နာရီကျော်ကကလည်း ၁၂ နာရီကျော်အထိ တနာရီလောက်ကြာအောင် ဂျက် ၂ စင်း ၊Y12 နှစ်စင်းနဲ့ ကုန်ဆိပ်၊ ကားလမ်း၊ စျေးဆိုင်တန်းစတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကနဦး သတင်းအရ ၇ ယောက် သေဆုံးမှု ရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ပစ်တာ လောယဉ် ၄ စင်းဗုံးချတယ်။ ရော့ကက်သီးနဲ့ပစ်တယ်၊ စက်သေနတ်နဲ့လည်း ပစ်တယ်၊ တချို့ကားတွေ မီးလောင်သွားတယ်။ ကနဦး သိရတာက ၇ ယောက် သေတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်။ မနေ့ကနဲ့ပေါင်းရင် သေဆုံးတဲ့လူ ၂၀ ကျော်လောက် ရှိနေပြီ။”
စက်တင်ဘာ ၁၈ ရက်က ကုန်ဆိပ်ကို လေကြောင်းမှ ဗုံးကြဲချိန် မိသားစုလိုက် ထွက်ပြေးရင်း တောနားတောင်နားတွေမှာ ဗုံးဆန်ထိမှန်ပြီးသေဆုံးသူ ၁၀ ကျော်ကိုဆက်လက်ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။
ကျောက်တော်မြို့နယ်၊ အိန္ဒိယဈေး အပါအဝင် အခုလို အချက်အချာကျတဲ့နေရာတွေကို စစ်တပ်က ဗုံးကြဲနေတဲ့အတွက် ဒေသခံတွေ အရင်ကထက်ပိုပြီး စားဝတ်နေရေး ကျပ်တည်းလာနိုင်တယ်လို့ ရခိုင်ကုန်သည်အမျိုးသားတယောက်က ပြောပါတယ်။
“အဓိက ဒုက္ခရောက်မှာက ဒေသခံတွေပါ ပြည်သူတွေ လုပ်ကိုင်စားသောက်တဲ့ အချက်အချာကျတဲ့ နေရာတွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်လာတော့ မသွားရဲမလာရဲတော့ဘူး။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ကုန်ဈေးနှုန်းတွေ ထပ်တက်ပြီး ပိုပြီးခက်ခဲလာနိုင်တယ်။"
အခုဗုံးကြဲခံရတဲ့ ချောင်းဆုံ စက်လှေဆိပ်ဟာ ပလက်ဝမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်ကြားမှာ ရှိတာဖြစ်ပြီး လေးမြို့မြစ်ရဲ့ မြစ်ဖျားလည်းဖြစ်ကာ ဈေးဆိုင်တွေ၊ ကုန်သည်တွေ၊ စက်လှေသမားတွေ၊ လုပ်သားတွေနဲ့ စည်ကားနေတာလို့ သိရပါတယ်။
အဓိက ဒေသခံတွေဖြစ်တဲ့ အရင်စစ်ကောင်စီ လက်ထက်က ရဲစခန်းဟောင်းရှိခဲ့တဲ့ သံထောင်၊ ဝက်ချောင်း၊ သံထောင်ရွာသစ်၊ ဆင်ကဲ စတဲ့ဘက်က ဒေသခံတွေအများဆုံး နေထိုင် လုပ်ကိုင်စားသောက်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။











