
မွန်ပြည်နယ် ချောင်းဆုံမြိုနယ် ညောင်လမ်းကျေးရွာမှာ အသက် ၇၆ နှစ်အရွယ် လင်မယား ၂ ယောက်အား သတ်ပြီး နားကပ်လုယူသွားတဲ့ အမျိုးသားတယောက်ကို သြဂုတ် ၂၄ ရက် နေ့လယ် ၁ နာရီခွဲက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြစ်မှုကျူးလွန်သူအမျိုးသားကို အာဏာရှင်စစ်တပ် လက်အောက်ခံရဲတွေက မနေ့ နေ့လယ် ၁ နာရီခွဲက ဖမ်းမိခဲ့ပြီး ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ညောင်လမ်းရွာ အဘိုးအဘွားလင်မယားကို သတ်ပြီး လုသွားတဲ့သူကို မနေ့ကမိသွားပြီ။ လုသွားတဲ့နားကပ် သွားရောင်းတဲ့အချိန်မိတာလို့ သိရတယ်။ သတ်တဲ့သူက တခြားသူမဟုတ်ဘူး သူ့သမက်။”
ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ ၂ ယောက်ရဲ့ သမက်ဖြစ်သူ ကိုအောင်အောင်ဖြစ်ပြီး သြဂုတ် ၂၄ ရက် နေ့လယ် ၁ နာရီခွဲက မော်လမြိုင်မြို့ စျေးကြိုရပ်ကွက် မော်လမြိုင် -ကျိုက်ခမီကားလမ်းမပေါ်မှာ ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“သတ်ပြီးလုလာတဲ့ ၂ ပဲ ၃ ရွေးလောက်ရှိတဲ့ ရွှေနားကပ်ကို မော်လမြိုင်မှာ လာရောင်းတဲ့အချိန် မိတာ။ ရဲစခန်းက ကနဦး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး စစ်နေတယ်။”
အမှုဖြစ်စဥ်မှာ ဩဂုတ် ၂၂ ရက် မနက် ၈ နာရီခွဲက ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာ ရပ်ကွက် ၇ ရှိ နေအိမ်မှာ အသက် ၇၆ နှစ်အရွယ် ဦးမောင်တင် နဲ့ ဒေါ်ယဥ်မေ တို့ကို ရိုက်နှက်သတ်ဖြတ်ပြီး ရွှေနားကပ်တရံ လုယူသွားတာဖြစ်ပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ အောင်အောင်ကို ချောင်းဆုံမြို့နယ်ရဲစခန်းက (ပ) ၄၈/၂၀၂၆၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့ သိရပါတယ်။











