
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဒိုင်ရ်ဒေသ ပီချောင်းဆုံနဲ့ လုံးတူကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးအပါအဝင် ပြည်သူ ၉ ယောက် သေဆုံးခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) က အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ပီချောင်းဆုံကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၁၈ ရက်မှာ Y12 လေယာဉ်အသုံးပြုပြီး ဗုံးသီး ၆၄ လုံး၊ အောက်တိုဘာ ၁၉ ရက်မှာ လုံးတူ-တွီစပ်လမ်းခွဲနေရာကို ဗုံးသီး ၂ လုံး၊ ပီချောင်းဆုံကို ဗုံးသီး ၄၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နို့စိုအရွယ်ကလေး အပါအဝင် ပြည်သူ ၉ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ပလက်၀ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးထိခိုက် အခြေအနေကို CPU က အသိပေး ထုတ်ပြန်ရာ လတ်လော ချင်းတောင်ပိုင်း စစ်ရေးအခြေအနေတချို့ကိုပါ အသိပေးခဲ့တာပါ။
စစ်အာဏာရှင်တပ်ဟာ CPU/CPA ထိန်းချုပ်နယ်မြေ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ပြီးခဲ့တဲ့မေလကတည်းက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြေပြင်တိုက်ပွဲမှာ စစ်အာဏာရှင်တပ်က အထိနာနေတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ်နဲ့ ရွှေအောင်သာ စတဲ့စစ်မျက်နှာတွေမှာ စစ်အာဏာရှင်တပ်က အထိနာနေတာကြောင့် အင်အားဖြည့်ပြီး စက်တင်ဘာနောက်ဆုံးပတ်မှာ ကျင်ဒွေးမြို့ဆီ ဦးတည် စစ်ကြောင်းထိုးနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်တပ် စစ်ကြောင်းကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရပါတယ်။ ကျင်းဒွေးတိုက်ပွဲအခြေအနေ အသေးစိတ်ကို လက်ရှိအချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
မိမိပြည်သူ၊ အသက်အိုးအိမ်နဲ့ ဘိုးဘွားပိုင် ရေမြေတောတောင်တွေကို အစွမ်းကုန် ကာကွယ်သွားမှာ ဖြစ်ပြီး မြေပြင်မှာ အထိနာနေတဲ့ စစ်အာဏာရှင်တပ်က အပြစ်မဲ့အရပ်သား ပြည်သူလူထုအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ ပြည်သူတွေ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့ CPU/CPA က ထပ်မံ တိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဈေးဆိုင်ခန်းတွေကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်နေတယ်လို့ CPU/CPA က ထုတ်ပြန်ပါတယ်။











