
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေမင်းဂံတဖက်ကမ်းရှိ ငပြီကျွန်းကို ကမ်းတက်နိုင်ဖို့ စစ်အာဏာရှင်တပ်က ထပ်မံကြိုးပမ်းနေတာကြောင့် အောက်တိုဘာ ၉ ရက် ဒီနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ အောက်တိုဘာ ၉ ရက် ဒီနေ့မနက်ပိုင်း ၅ နာရီလောက်ကစတင်ပြီး ငပြီကျွန်းကို ကမ်းတက်နိုင်ဖို့ ဒုတိယအကြိမ် ကြိုးပမ်းနေတာဖြစ်ပြီး လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ တရစပ် ပစ်ပေးနေသလို အာရက္ခတပ်တော်ဘက်ကလည်း လက်နက်ကြီးနဲ့ အသေခံဒရုန်းတွေသုံးပြီး ခုခံတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ဒီနေ့မနက်ပိုင်းမှာ ပြန်ပြီးတော့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူယူပြီး စစ်တပ်က ကမ်းတက်ဖို့ ထပ်မံကြိုးပမ်းနေတာရှိတယ်။ မနက်မိုးလင်းကတည်းက ဂျက်ဖိုက်တာတွေ၊ Y-12 တွေနဲ့ ပတ်ပြီး ဗုံးကြဲနေတာ။ နေဗီလည်း ၅ စင်းလောက်နဲ့ စစ်တွေမြို့ရှေ့ မြစ်ဝမှာ စောင့်နေတယ်။ အာရက္ခတပ်တော်ဘက်ကလည်း လက်နက်ကြီးပစ်ကူတွေနဲ့ ဒရုန်းတွေသုံးပြီး နေဗီတွေ ကမ်းမကပ်နိုင်အောင်တော့ ဟန့်တားထားတယ်။ တိုက်ပွဲက ၃ ရက်ဆက်တိုက်ရှိပြီး ပြင်းထန်နေကြတာ။”
စစ်အာဏာရှင်တပ်ဟာ အောက်တိုဘာ ၇ ရက်ကတည်းက ရွှေမင်းဂံရေတပ်နဲ့ ၁ မိုင်ကျော်လောက်သာ ကွာဝေးတဲ့ ငပြီကျွန်းကို ကမ်းတက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပထမအကြိမ် ကမ်းတက်သင်္ဘော ၂ စင်း အထိနာပြီး ပြန်ဆုတ်ခဲ့ရတာကြောင့် အောက်တိုဘာ ၉ ရက်မှာ ထပ်မံပြီး ဒုတိယအကြိမ် ကမ်းတက်နိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၈ ရက်ကလည်း ပေါက်တောမြို့နယ်ရှိ မွတ်စလင်ကျေးရွာကိုလည်း စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ပေါက်တောဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာ ငပြီကျွန်း ပတ်ဝန်းကျင်က ပစ်ခတ်သံမျိုးစုံ ကြားနေရသလို လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ပေါက်တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တပ်က ငပြီကျွန်းကို မရမက ကမ်းတက်ဖို့ ကြိုးပမ်းနေတဲ့ သဘောဗျာ။ တိုက်ပွဲကတော့ ၃ ရက် ရှိပြီ ဖြစ်နေကြတာ။ ဒီနေ့လည်း မနက်ပိုင်းကတည်းက လေကြောင်းဗုံးကြဲတာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်သံတွေ ဆက်တိုက်ကြားနေတာ။ တိုက်ပွဲက ပိုပြီး ပြင်းလာဖို့ပဲရှိတယ်။”
စစ်အာဏာရှင်တပ်ဟာ လေကြောင်းပစ်ကူနဲ့ ရေတပ်သင်္ဘောတွေကို အားသာချက်အဖြစ် အသုံးပြုပြီး ထိုးစစ်ဆင်ဖို့ အပြင်းအထန်ကြိုးပမ်းကာ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ရေးအရ ဖိအားပေးနိုင်ဖို့ ကြိုးပမ်းလာနေတာလည်း ဖြစ်ပါတယ်။
လက်ရှိ ထိုးစစ်ဆင်နေတဲ့ ငပြီကျွန်းမှာ ကျေးရွာ ၃ ရွာရှိပြီး ဒေသခံတွေဟာ ၂၀၂၄ ခုနှစ် အစောပိုင်းကတည်း စစ်ဘေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်ကလည်း ၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ထိုးစစ်နဲ့အတူ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကြောင်း ၅ ခုနဲ့ ထိုးစစ်ဆင်ခဲ့ပြီး အာရက္ခတပ်တော်က ခုခံစစ်၊ တန်ပြန်ထိုးစစ်တွေကြောင့် စစ်တပ်ဘက်က တပ်ရင်မှူးအဆင့်တွေ သေဆုံးခဲ့ကြပြီး စစ်ဦးကျိုးခဲ့ရတာလည်း ဖြစ်ပါတယ်။











