DVB Logo
Home
နိုင်ငံတကာ
ချင်းမိုင်တွင် အခန်း ၁၀ ခန်းငှားပြီး အွန်လိုင်းလောင်းကစားဒိုင် ၁၅ ဦး ဖမ်းမိ 
DVB
·
October 6, 2026
Photo: Chiangmai News
Photo: Chiangmai News
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ဝန်ထမ်းသက်သာချောင်ချိ‌ရေးအိမ်ရာမှာ ကမ္ဘောဒီးယားနိုင်ငံက ပြောင်းလာတဲ့ အွန်လိုင်းလောင်းကစားဒိုင် ၁၅ ယောက်ကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ချင်းမိုင်မြို့၊ ဆန်ဖီဆေ့ရပ်ကွက်ရှိ ဘန့်အွေ့အားထွဏ်း ဝန်ထမ်းသက်သာချောင်ချိရေးအိမ်ရာထဲမှာ သံသယဖြစ်စရာလူတွေ ဝင်ရောက်နေထိုင်ကြောင်း သတင်းပေးပို့ချက် ရတာကြောင့် မနေ့ အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီလောက်က ခရိုင်တရားရုံး ဖမ်းဝရမ်းစာနဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့ အမှတ် ၅ တိုင်းဒေသရဲဌာနချုပ်မှ ဒုရဲမှူးကြီး ပရတ်ချ်ယား ပရဆန်ဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ အဆိုပါအိမ်ရာရှိ အခန်းပေါင်း ၁၀ ခန်းမှာ ငှားရမ်းနေထိုင်ပြီး အွန်လိုင်း လောင်းကစားမျိုးစုံ လုပ်နေတဲ့ ဒိုင် ၁၅ ယောက်ကို ဖမ်းဆီးရမိတယ်။

သူတို့တွေဟာ ufun168th.org အမည်ရှိ လောင်းကစားဝိုင်းဝက်ဘ်ဆိုက်အတွက် ဈေးကွက် ရှာဖွေပေးတာ၊ ကြော်ငြာပေးတာ၊ တခြားသူတွေ ပါဝင်ကစားအောင် လူမှုကွန်ရက်မှာ အကောင့်များစွာ ဖွင့်ပြီး ဆွဲဆောင်တယ်လို့ ဆိုပါတယ်။

လောင်းကစားနည်းမှာ ဘောလုံး၊ စလော့ဂိမ်းနဲ့ တခြားလောင်းကစားနည်းတွေ ပါဝင်တယ်၊ ဝင်‌ရောက်ကစားသူ အဖွဲ့ဝင်ပေါင်း ၁,၀၀၀ ကျော်ရှိပြီး လည်ပတ်ငွေ ဘတ် သန်းပေါင်း ၉၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ဆက်လက်စစ်ဆေးချက်အရ အဆိုပါလောင်းကစားဒိုင်တွေဟာ အရင်က ကမ္ဘောဒီးယားနိုင်ငံ ဘွိုင်းပက်ဒေသထဲမှာ ဒီအလုပ်ကို လုပ်ကိုင်ခဲ့တယ်၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်တော့ ထိုင်းကို ပြန်ဝင်လာခဲ့တယ်၊ လက်ရှိနေရာမှာတော့ လွန်ခဲ့တဲ့ ၃ လကမှ ပြောင်းလာတာလို့ ပြောပါတယ်။

ကျားဖြန့်အဖွဲ့သားတယောက်ကို ဖေ့စ်ဘွတ်ခ်အကောင့် ၂၀၀ စီရှိပြီး အဲဒီကနေ လောင်းကစား ဖောက်သည်တွေ ရှာရတယ်၊ မသင်္ကာဘွယ်ရာ မတွေ့အောင် အင်တာနက်ကနေ အစားအသောက်ပုံ၊ ခရီးသွားဓာတ်ပုံတွေကို ၂ နာရီလောက် အရင်တင်ထားတယ်၊ ပြီးတော့မှ အဲဒီပုံတွေဖျက်ပြီး အွန်လိုင်း လောင်းကစားကြော်ငြာတွေ ပြောင်းတင်တယ်၊ ဒီအလုပ်လုပ်တာ လစာ တလကို ဘတ် ၁၈,၀၀၀ စီရတယ်၊ အဓိကညွှန်ကြားသူ ဂိုဏ်းခေါင်းဆောင်က ဘန်ကောက်မှာရှိတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ဖမ်းဆီးရမိသူ ၁၅ ယောက်လုံးကို လောင်းကစားဥပဒေ ပုဒ်မ ၁၂ (၁) (၂) နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၈၃ အရ အွန်လိုင်းမှတဆင့် လောင်းကစားမှု၊ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တပါးသူကို လောင်းကစားဖို့ မြှူဆွယ်မှု၊ ကြော်ငြာမှုတွေနဲ့ တရားစွဲ အရေးယူသွားမယ်လို့ ဆိုပါတယ်။

Source: Amarin TV News / Chiangmai News

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013