
မြန်မာပြည်တွင်းသုံး ဆေးဝါးတွေအတွက် ပြည်ပတင်သွင်းခွင့်လိုင်စင်ရဖို့ ကြန့်ကြာနေတာကြောင့် ဆေးဝါးပြတ်လပ်ကာ ဈေးကွက်မှာ ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေတယ်လို့ ရန်ကုန်မြို့က ဆေးဝါးဈေးကွက်နဲ့ ဆက်စပ်သူတချို့က ပြောပါတယ်။
နာတာရှည်လူနာတွေအတွက် မဖြစ်မနေ သုံးစွဲရတဲ့ သွေးတိုး၊ ဆီးချိုဆေးတွေဟာ ဈေးကွက်အတွင်း မကြာခဏ ပြတ်လပ်နေပြီး ဈေးနှုန်းလည်း ဆက်တိုက်မြင့်တက်လာတယ်လို့ ဆေးဝါးဖြန့်ဖြူး ရောင်းချသူတချို့က ပြောပါတယ်။
ဗိုလ်တထောင်မြို့နယ်မှာ ဆေးဆိုင်ဖွင့်လှစ်ထားသူတယောက်က “သွေးတိုး၊ ဆီးချိုကျဆေးတွေ၊ လွန်ခဲ့တဲ့ နှစ်လကထက် တဘူးကို ၅၀၀ ကနေ ၁,၀၀၀ ကြား တက်သွားတယ်။ ဈေးကွက်ထဲမှာ နှစ်လ၊ သုံးလ တခါလောက် ပစ္စည်းပြတ်သွားတယ်။ ပြန်ရောက်လာရင် တခါ ၅၀၀၊ ၁,၀၀၀ တက်တယ်။ အဲဒါ ပုံမှန်ဖြစ်နေတယ်။ ပစ္စည်းပြတ်လိုက်၊ ဈေးတက်လိုက်၊ အဲဒါ ပုံမှန်ပဲ ဖြစ်နေတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ ဒေါ်လာဈေး မြင့်တက်လာမှုနဲ့အတူ ဆေးဝါးဈေးနှုန်းတွေ စတင်မြင့်တက်ခဲ့ပါတယ်။
အဏာမသိမ်းခင်က တကတ်ကို ကျပ် ၅၀၀ ဝန်းကျင်ပဲရှိတဲ့ သွေးတိုးကျဆေးဟာ အခု တကတ်ကို ၄,၀၀၀ ကျော်အထိ မြင့်တက်နေပါတယ်။
ဒါ့အပြင် ဆေးဝါးတွေကလည်း အရင်လို အလွယ်တကူ ဝယ်ယူလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဈေးကွက်အခြေအနေ သိသူတွေက ပြောပါတယ်။
ပြည်တွင်းမှာ အသုံးပြုတဲ့ ဆေးဝါးတွေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ပြည်ပကနေ တင်သွင်းနေရပြီး စစ်အာဏာရှင်အစိုးရက ဆေးတင်သွင်းဖို့ လိုအပ်တဲ့ အမေရိကန်ဒေါ်လာကို လိုသလောက် မထုတ်ပေးနိုင်တာကြောင့် ဆေးဝါးဈေးကွက်က အခုလို အခြေအနေတွေ ဖြစ်နေတာလို့ ဆေးဝါးတင်သွင်းနေသူတချို့က ပြောပါတယ်။
ဆေးကုမ္ပဏီတခုရဲ့ အကြီးတန်း အကြံပေးတယောက်က “ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်ရတဲ့ ဖျားနာ၊ အကိုက်အခဲပျောက်ဆေးတို့လို ဆေးဝါးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့မရတဲ့အပြင် ဈေးကလည်း နှစ်ဆကျော် မြင့်တက်သွားတယ်။ အဓိကတော့ ဆေးတင်သွင်းတာ ဒေါ်လာအပေါ် အရမ်းမှီခိုထားရတာ။ ဒေါ်လာမရတော့ ဒေါ်လာရအောင် စောင့်ရင်း ဈေးကွက်ထဲမှာ ပစ္စည်းက ပြတ်သွားပြန်၊ တခါ ပြန်ဝင်လာတော့ ဈေးက ထပ်တက်သွားပြန်၊ အဲဒီလို လုံးလည်ချာလည် ဖြစ်နေတယ်။ ဈေးကွက်ကို အလုံအလောက် မချပေးနိုင်တာကြောင့် အဓိက ဖြစ်နေတာပါ” လို့ DVB ကို ပြောပါတယ်။
အခုလို ဆေးဝါးပြတ်လပ်မှုနဲ့ ဈေးနှုန်းမတည်ငြိမ်မှုကြောင့် ဆရာဝန်တွေအနေနဲ့ လူနာတွေကို ဆေးပေးရတာ အခက်အခဲတွေ ရှိလာတယ်လို့ ဆရာဝန်တချို့က ပြောပါတယ်။
တာမွေမြို့နယ်မှာ ဆေးခန်းဖွင့်ထားတဲ့ အထွေထွေရောဂါကု ဆရာဝန်တယောက်က “ကုမ္ပဏီတခုကမရ နောက်တခု အစားထိုး သုံးရတယ်။ နှလုံးဆေးဆိုရင် အမျိုးအစား အများကြီး ရှိတယ်။ သွေးကျဆေးအုပ်စုတွေ အများကြီး ရှိတယ်။ တခုမရှိရင် တခု အစားထိုး သုံးလို့ရတယ်။ အဲဒီလို လှည့်ပတ် ပေးနေရတာပေါ့။ ဆိုးကျိုး ကောင်းကျိုးတွေ မတူဘူး။ သောက်နေကျဆေး မဟုတ်တော့ လူနာတွေလည်း ရောဂါနဲ့ဆေး ဟန်ချက်မညီတာ၊ နောက်ဆက်တွဲတွေလည်း ရှိတာပေါ့” လို့ DVB ကို ပြောပါတယ်။
စစ်အာဏာမသိမ်းခင်က ဆေးဝါးတွေကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေက အလွယ်တကူ တင်သွင်းနိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်သွင်းကုန်လိုင်စင် ကန့်သတ်ချက်တွေကြောင့် ဆေးဝါးတွေကို ရေကြောင်းကနေတဆင့် ရန်ကုန်ကို အဓိက တင်သွင်းနေရတာပါ။
ဒါ့အပြင် ဒေါ်လာငွေမလုံလောက်တဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းစစ်အစိုးရက သွင်းကုန်လိုင်စင် လုံလောက်အောင် ထုတ်မပေးတာကြောင့် လူထုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆေးဝါးအပါအဝင် ပြည်ပသွင်းကုန်ပစ္စည်းတွေ ပြတ်လပ်ကာ ဈေးနှုန်းမြင့်တက်တာတွေ ဖြစ်နေပါတယ်။











