
တရားမဝင်တင်သွင်းမှုတွေ ရှိနေတာ၊ တရားမဝင် ကုန်စည်စီးဆင်းမှုကို အားပေးရာရောက်တာ၊ တရားဝင် တင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ပြည်တွင်းထုတ် SKD ကုမ္ပဏီတွေ နစ်နာမှာတွေကြောင့် Without ဆိုင်ကယ်တွေကို လိုင်စင်ချပေးမှာ မဟုတ်ဘူးလို့ စစ်အာဏာရှင်ခန့် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောပါတယ်။
ဇွန် ၂၂ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မင်းလှမဲဆန္ဒနယ်က ဦးရဲထွဋ်အောင်ရဲ့ တနိုင်ငံလုံးရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို အခွန်ငွေသတ်မှတ်ပေးသွင်းစေပြီး ဥပဒေနဲ့အညီ တရားဝင် လိုင်စင်ထုတ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိနဲ့ အစီအစဉ်ရှိပါက ဘယ်ဘဏ္ဍာနှစ်မှာ ဆောင်ရွက်ပေးမယ်ဆိုတာကို သိရှိလိုကြောင်း မေးခွန်းနဲ့ သံတောင်ကြီးမဲဆန္ဒနယ်က ဦးစောဟေသားကြီးရဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုင်စင်ပြန်လည်ပြုလုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ လုပ်ပေးနိုင်ပါက ဘယ်ချိန်ကာလမှာ စတင်ပြုလုပ်ပေးမယ်၊ မလုပ်ပေးနိုင်ပါက အဘယ်ကြောင့် မလုပ်ပေးနိုင်ခြင်းကို သိရှိလိုကြောင်း မေးခွန်းတွေကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ထိ မော်တော်ဆိုင်ကယ်လိုင်စင် ထုတ်ပေးတာတွေကို ၁၀ ကြိမ် ဆောင်ရွက်ပေးခဲ့ပေမဲ့ တရားမဝင် ဝင်ရောက်တာတွေ ဆက်ရှိနေလို့ ၂၀၂၃ ခုနှစ်မှာ လိုင်စင်ထုတ်ပေးတာကို ရပ်နားခဲ့ပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ တရားဝင်ခွင့်ပြုချက်နဲ့ တင်သွင်းတဲ့ မော်တော်ဆိုင်ကယ်တွေ၊ ပြည်တွင်းမှာ CKD၊ SKD စနစ်နဲ့ ထုတ်လုပ်တဲ့ မော်တော်ဆိုင်ကယ်တွေ ကိုသာ သတ်မှတ်ထားတဲ့ အထောက်အထားတွေနဲ့ ကိုက်ညီမှ လိုင်စင်ထုတ်ပေးနေတာလို့ ဆိုပါတယ်။
ဒီအထောက်အထားတွေပါတဲ့ မော်တော်ဆိုင်ကယ်တွေကိုသာ မှတ်ပုံတင်ဆောင်ရွက်ပေးနေပြီး မြန်မာနိုင်ငံအတွင်း ရောက်ရှိနေတဲ့ တရားမဝင် မှတ်ပုံတင်မဲ့ ဆိုင်ကယ်တွေမှာ ဒီအထောက်အထားတွေ မဖော်ပြနိုင်တဲ့အတွက် မှတ်ပုံတင်ဆောင်ရွက်ပေးလို့ မရနိုင်ပါကြောင်း ဖြေကြားအပ်ပါတယ်လို့ ဒုဝန်ကြီး ဦးအောင်မြိုင်က ပြောပါတယ်။
တရားဝင်တင်သွင်းခွင့်ပြုထားတဲ့ ဆိုင်ကယ်တွေဟာ သတ်မှတ်စံချိန်စံညွှန်းနဲ့ တပ်ဆင် ထုတ်လုပ်ထားပြီး ဖြစ်လို့ ပြည်တွင်းမှာလည်း ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူအသုံးပြုနိုင်ဖို့ SKD စနစ်နဲ့ အရင်းအနှီးများစွာ ရင်းနှီးမြှပ်နှံပြီး ထုတ်လုပ်နေတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေလည်း နစ်နာမှုရှိတယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ SKD စနစ်နဲ့ ထုတ်လုပ်ဖို့ ခွင့်ပြုထားတဲ့ မြန်မာနိုင်ငံသား ကုမ္ပဏီ ၃၉ ခုနဲ့ ပြည်ပကုမ္ပဏီ ၁၁ ခု ရှိပါတယ်။
တရားမဝင် တင်သွင်းရောက်ရှိလာတဲ့ မော်တော်ဆိုင်ကယ်တွေကို မှတ်ပုံတင်ပေးမယ်ဆိုရင် တရားမဝင် ကုန်စည်စီးဆင်းမှုကို အားပေးရာရောက်ပြီး သက်သာတဲ့ဈေးနှုန်းနဲ့ သုံးနိုင်ဖို့ တရားမဝင်လမ်းကြောင်းက တင်သွင်းလာတာကြောင့် အရည်အသွေးမပြည့်မီတဲ့ ဆိုင်ကယ်တွေ ဖြစ်ဖို့များပါတယ်။
ဒီအချက်တွေကြောင့်လည်း မှတ်ပုံတင်ခွင့်မပြုသင့်တာ ဖြစ်ပါတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ဆိုင်ကယ်အစီးရေ ၄,၁၅၉,၃၈၃ စီးရှိပြီး တနိုင်ငံလုံးကို သွားနိုင်တဲ့ W နံပါတ်နဲ့ ဆိုင်ကယ် ၃,၉၄၀,၀၂၂ စီး၊ ပြည်နယ်နဲ့ တိုင်းမှာ သုံးနိုင်တဲ့ မော်တော်ဆိုင်ကယ် ၂၁၉,၃၆၁ စီး ရှိတယ်လို့ သိရပါတယ်။










