DVB Logo
Home
မြန်မာသတင်း
ရေကြည်တွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များအတွက် ရိက္ခာဖိုးငွေကောက်နေ
DVB
·
June 13, 2026
Photo: KKL
Photo: KKL
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်မှာ စစ်အာဏာရှင်တပ်ဖွဲ့ရဲ့ ရိက္ခာအတွက် ဒေသခံတွေဆီကနေ ငွေကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အာဏာရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တိုင်းပြည်ကာကွယ်ရေးကို လုပ်ဆောင်နေတဲ့ သူရဲကောင်းတပ်မတော်သားတွေအတွက်ဆိုက လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတွေမှာ ဇွန် ၁၀ ရက်ကစတင်ပြီး တအိမ်ကျပ် ၂၀,၀၀၀ နှုန်း ကောက်ယူနေတာလို့ ဆိုပါတယ်။

ရေကြည်မြို့နယ်က ဒေသခံတယောက်က “ငွေထည့်လည်း ရတယ်၊ ဆန်ရှိရင် ဆန်ထည့်ပေးလည်း ရတယ်။ လေးမျက်နှာက တိုက်ပွဲမှာ တိုက်ပွဲဝင်နေရတဲ့ သူရဲကောင်း တပ်မတော်သားတွေအတွက် ဆိုပြီး ကောက်တာ။ အုပ်ကြီးနဲ့ ပြည်သူ့စစ်တွေက လိုက်ကောက်တာ။ မဖြစ်မနေကို ထည့်ခိုင်းတာ။” လို့ ပြောပါတယ်။

ရေကြည်မြို့နယ်ထဲက သီတာကုန်းပြင်၊ မအူကန်၊ ယမင်းကူ၊ မြတ်တို၊ ငှက်သိုက်၊ ဆီဆုံကုန်း၊ သစ်ဖြူ၊ ညောင်စု စတဲ့ ကျေးရွာတွေမှာ တအိမ် ၂၀,၀၀၀ နှုန်းနဲ့ကောက်ယူနေတာဖြစ်ပြီး လိုအပ်သလို ကောက်ယူမယ်ဆိုပြီး ပြောဆိုထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်နဲ့နီးစပ်သူတယောက်က “စစ်ကြောင်းမှာ တိုက်ပွဲဝင်နေတဲ့ စစ်သား ဘယ်လောက် ပါလဲတော့ မသိဘူး။ အယောက် ၂၀၀၀ စာအတွက် ကောက်နေတာ။ ၂ ရက် လောက်ရှိပြီ။ ထည့်တဲ့သူတွေ များပါတယ်။ ကိုယ့်ဆန္ဒနဲ့ လှူပေးတဲ့သူ မရှိပါဘူး” လို့ ပြောပါတယ်။

ငွေကောက်ယူနေတဲ့ ကျေးရွာတွေမှာ အိမ်ခြေထောင်ချီရှိပြီး အရပ်သားတွေက ပေါ်တာဆွဲမှာ ကြောက်တဲ့အတွက် အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်တွေ ကောက်ယူတဲ့ ပမာဏအတိုင်း ထည့်ပေးနေတယ်လို့ သိရပါတယ်။

လက်ရှိ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေနဲ့ ရေကြည်မြို့နယ်က အမြောက်တပ် အမတ ၃၄၄ အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တပ် ထောက်ခံတဲ့ မီဒီယာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ လေးမျက်နှာတိုက်ပွဲတွေအတွက် ပြည်သူတွေက စားနပ်ရိက္ခာထောက်ပံ့ပေးနေတယ်လို့ သတင်းအမှား ဖြန့်ဝေကာ ဝါဒဖြန့်နေကြပြီး မြေပြင်မှာ အရပ်သားတွေဆီကနေ အတင်းအကျပ် ကောက်ယူနေတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013