
ကချင်ပြည်နယ်၊ နမ္မတီးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး သူဌေးကုန်းချောင်းနဲ့ နမ့်ခမ်းခ ချောင်းရေလျှံလာပြီး ရေဆက်နေတာကြောင့် ရပ်ကွက်တွေထဲ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးသည်းထန်လို့ ဇွန်လ ၂၁ ရက်ကစပြီး သူဌေးကုန်းချောင်းနဲ့ နမ့်ခမ်းခ ချောင်းရေလျှံတာကြောင့် ရွှေလီ၊ ရွှေဝါ၊ သူဌေးကုန်း၊ ကျောက်တောင် လမ်း၊ မီးရထားဘူတာနဲ့ သစ္စာရပ်ကွက် အချို့မြေနိမ့်ပိုင်းနေရာတွေ ရေဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “အခုက လူအနည်းစုပဲ ရွှေ့ကြတာပါ။ လမ်းတွေ ရေကျော်တာတော့ရှိတယ်။ ဒါပေမဲ့ လမ်းတွေကိုတော့ မပိတ်ထားဘူး။ မြို့ဦးဘက်တော့ အဓိကကြီးနေတာပေါ့” လို့ DVB ကို ပြောပါတယ်။
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာရှိတဲ့ နမ္မတီးမြို့မှာ ချောင်းရေမြင့်တက်လာလို့ မြေနိမ့်ပိုင်းမှာနေ ထိုင်သူတွေ ဂရုစိုက်ကြဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေး တိုက်တွန်းထားပါတယ်။
မိုးများတာကြောင့် ကချင်ပြည်နယ် ဖားကန့်၊ မိုးကောင်းမြို့နယ်တွေမှာလည်း ရေကြီး၊ ရေလျှံတာတွေ ဖြစ်နေသလို တောင်မြေပြိုကျတာတွေလည်း ဖြစ်နေပါတယ်။










