
လက်ဘနွန်တောင်ပိုင်းမှာ မတ် ၃၀ ရက်နဲ့ ၃၁ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ သီးခြားပေါက်ကွဲမှု ၂ ခု ကြောင့် အင်ဒိုနီးရှားနိုင်ငံသား ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက် ပြီး စုံစမ်းစစ်ဆေးမှု ၂ ခုကို စတင်လုပ်ဆောင်နေပြီလို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ (UNIFIL) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကန်ဒစ်စ် အာဒီယယ်လ်က မတ် ၃၁ ရက်မှာ ရိုက်တာသတင်းဌာန ကို ပြောကြားလိုက်ပါတယ်။
ဒါက အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား စစ်ပွဲအသစ် ပြန်ဖြစ်လာပြီးနောက်ပိုင်း ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေ ပထမဆုံးအကြိမ် ထိခိုက်သေဆုံးတာလည်း ဖြစ်ပါတယ်။
ပထမတခါက တနင်္ဂနွေနေ့ ညပိုင်းမှာ လက်နက်ကြီးကျည် ပေါက်ကွဲလို့ အင်ဒိုနီးရှားစစ်သည် တယောက် သေဆုံးခဲ့တယ်၊ နောက်တနေ့ တနင်္လာနေ့မှာ ဘာနီဟေးယန် ရွာအနားမှာ ကားတစီး ထပ်မံ ပေါက်ကွဲလို့ နောက်ထပ် အင်ဒိုနီးရှားစစ်သည် ၂ ယောက် ထပ်မံသေဆုံးပြီး တခြားလူတွေ လည်း ဒဏ်ရာရခဲ့ကြပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါဟာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ အသက်အန္တရာယ် ဖြစ်ရတာလို့ ယူဆပြီး ပြင်းပြင်းထန်ထန် ကန့်ကွက် နေပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုပါ အရေးပေါ်အစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုထားပါတယ်။ တနင်္လာနေ့က ပထမဆုံး သေဆုံးရသူ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်ဟာ သူ့ရဲ့ နိုင်ငံသား တယောက်ဖြစ်ပြီး တခြား ၃ ယောက်ဟာ “သွယ်ဝိုက်တဲ့ အမြောက်ပစ်ခတ်မှု” ကြောင့် ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ဒုတိယတိုက်ခိုက်မှုကို အပြင်းထန်ဆုံး အသုံးအနှုန်းနဲ့ ရှုတ်ချခဲ့တယ်လို့ အင်္ဂါနေ့ မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးဘက်ကတော့ ဒါဟာ သူတို့လုပ်တာမဟုတ်ဘူး၊ ဟစ်ဇ်ဘိုလာတွေ ထောင်ထားတဲ့ မိုင်း (သို့မဟုတ်) ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ဖြစ်တာလို့ တုံ့ပြန်ပါတယ်။
အစ္စရေးသံအမတ်က “ဟစ်ဇ်ဘိုလာတွေဟာ ကုလသမဂ္ဂ စခန်းတွေအနားမှာ အကာအကွယ်ယူပြီး အစ္စရေးကို ဒုံးကျည်တွေနဲ့ လှမ်းပစ်နေတာ၊ ဒါကြောင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ ကြားညပ်ပြီး အန္တရာယ် ဖြစ်ရတာ” လို့ စွပ်စွဲထားပါတယ်။
အခုလောလောဆယ်မှာ ကုလသမဂ္ဂက ဒီဖြစ်စဉ်ကို သေချာစုံစမ်းစစ်ဆေးနေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ကတော့ “ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်”လို့ သတိပေးထားပြီး ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတာကို အဖြေရှာ နေကြပါတယ်။
Source: Reuters











