DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ဒစ်ဂျစ်တယ်ဘဏ်အကောင့်များ ဆက်တိုက်အပိတ်ခံနေရ
DVB
·
July 13, 2026
Photo: DVB
Photo: DVB
Donate to DVB

ရခိုင်ပြည်နယ်က ငွေလွှဲ/ငွေထုတ်ပြုလုပ်ပေးနေကြတဲ့ အေးဂျင့်တွေရဲ့ ဘဏ်အကောင့်တွေ၊ Kpay အကောင့်တွေလို ဒစ်ဂျစ်တယ်အကောင့်တွေ ဆက်တိုက် ပိတ်သိမ်းခံနေရကြရတာကြောင့် ငွေကြေး ဆုံးရှုံးမှုတွေ များလာနေကြတယ်လို အေးဂျင့်တွေဆီက သိရပါတယ်။

ရခိုင် မှတ်ပုံတင်တွေနဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကို ပစ်မှတ်ထားပြီး ဘဏ်တွေဘက်က ဇွန်လ ကတည်းက ဆက်တိုက်ပိတ်လာနေတာဖြစ်ပြီး နေ့စဉ်နေ့တိုင်း အပိတ်ခံနေကြရတယ်လို့ ငွေလွှဲ၊ ငွေထုတ် အေးဂျင့်တွေက ပြောပါတယ်။

ကျောက်တော်မြို့မှာ ငွေလွှဲ၊ ငွေထုတ်ပြုလုပ်နေတဲ့ အေးဂျင့်တယောက်က “ဘဏ်အကောင့်တွေ၊ Kpay အကောင့်တွေ ဆက်တိုက် ပိတ်ခံနေရဆဲပဲ။ ဇူလိုင်လ အလယ်ပိုင်းကတည်းက စပိတ်နေတာ။ ပထမတော့ ဘဏ်စနစ် မြှင့်တင်မှုတွေကြောင့် ယာယီအကောင့်ဝင်မရတာလို့ ထင်တာ။ နောက်မှပဲ အကောင့်တွေကို အပိတ်ခံရတာလို့ သိရတာ။ ပထဆုံး ဘဏ်အကောင့်တွေကို စပိတ်တယ်။ နောက်မှ အဲဒီဘဏ်အကောင့်တွေနဲ့ ချိတ်ဆက်ထားတဲ့ Kpay အကောင့်တွေကို လိုက်ပိတ်တာ။ ဆုံးရှုံးမှု အရမ်းကြီးကြတယ်။ အချို့ဒိုင်တွေဆိုရင် ကျပ်သိန်း ၂ ထောင်ကနေ ၄ ထောင်လောက်အထိ ပါသွားတာရှိတယ်။ အဓိကတော့ စစ်တပ်ဘက်က ပိတ်သိမ်းခိုင်းတာတွေလို့ ကနဦး သိထားရတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဘဏ်စနစ်တွေ ပိတ်ထားကြရတာဖြစ်ပြီး ငွေလွှဲ/ငွေထုတ်တွေကို အေးဂျင့်ဆိုင်တွေကတဆင့် ပြုလုပ်နေကြရတာလည်း ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းကတည်းက ဘဏ်တွေက ငွေအလွှဲ/အထုတ်တွေကို ထိန်းချုပ်ထားတာဖြစ်ပြီး တရက်တာ ငွေအလွှဲ/အထုတ်တွေအထိ ထိန်းချုပ်ထားပြီး ငွေအလွှဲ/အထုတ်များတဲ့ ဘဏ်အကောင့်တွေကို ပိတ်သိမ်းတာ၊ စစ်ဆေးတာမျိုးတွေအထိ ရှိကြတယ်လို့ ဘဏ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိ ဘဏ်အကောင့်တွေ ဆက်တိုက် ပိတ်သိမ်းခံနေကြရတာကြောင့် ငွေမလွှဲခင် ဘဏ်အကောင့်တွေကို အမြဲတမ်း မေးမြန်းစုံစမ်းပြီးမှု ငွေလွှဲ/ငွေထုတ်တွေ ပြုလုပ်ကြဖို့ကိုလည်း အေးဂျင့်တွေက နေ့စဉ် သတိပေးမှုတွေ ပြုလုပ်နေကြပါတယ်။

လက်ရှိမှာ ဘဏ်အကောင်တွေနဲ့ Kpay အကောင့်တွေ ဆက်တိုက် ပိတ်သိမ်းခံနေရတာကြောင့် ဆုံးရှုံးမှုတွေ ရှိနေသလို လက်ရှိ အသုံးပြုနေကြရတဲ့ ဘဏ်အကောင့်တွေကိုလည်း ဘယ်နေ့ ဘယ်ရက် အပိတ်ခံရမလဲဆိုတာကို ရင်တမမနဲ့ လုပ်ကိုင်နေကြရတယ်လို့ မြောက်ဦးမြို့ခံ အေးဂျင့်တယောက်က ပြောပါတယ်။

“ဘဏ်အကောင့်တွေ၊ Kpay အကောင့်တွေ ဆက်တိုက် ပိတ်သိမ်းခံနေရတော့ ရခိုင်က အေးဂျင့်တွေ၊ ကုန်သည်တွေမှာ ငွေကြေးဆုံးရှုံးမှုတွေက နေ့တိုင်းနီးပါးရှိနေတယ်။ ကျနော်မှာလည်း ပထမ ဘဏ်အကောင့် ပိတ်သိမ်းခံလိုက်ရတော့ ဆုံးရှုံးမှု အတော်ကိုများတယ်။ လက်ရှိ အကောင့်တွေကိုလည်း ဘယ်နေ့ပိတ်ခံရမလဲ ဆိုပြီး ရင်တမမနဲ့ ဆက်လုပ်နေကြရတယ်။ ဒီဘဏ်အကောင့်တွေ ဆက်တိုက် အပိတ်ခံရတာ၊ နောက် ရေကြီးမှုတွေကြောင့်ပဲ ငွေထုတ်ဈေးတွေလည်း မြင့်တက်လာတာမျိုးတွေ ရှိနေကြတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ ဘဏ်အကောင့်တွေ ဆက်တိုက်ပိတ်ခံနေရမှုနဲ့ ရေကြီးမှုတွေကြောင့် ကုန်စည်းစီးဆင်းမှု ရပ်တန့်နေလို့ ငွေထုတ်ခတွေဟာ ၁ သိန်းကို ၆၀၀၀ ကျပ်ကနေ ၈၀၀၀ ကျပ်အထိ ဒေသအလိုက် ရာခိုင်နှုန်းပေးပြီး ထုတ်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်က ဒေသခံတွေ၊ ကုန်သည်တွေဟာ ဘဏ်စနစ်တွေ ရပ်တန့်သွားကတည်းက အေးဂျင့်တွေဆီက တဆင့် ရာခိုင်နှုန်ပေးပြီး ငွေလွှဲ/အထုတ်တွေကို ပြုလုပ်နေကြရတာလို့ ဒေသခံတွေက သိရပါတယ်။

စစ်အာဏာရှင်တပ်ဟာ ဗဟိုဘဏ်ကနေတဆင့် သူတို့လက်လွှတ်ထားရတဲ့ နိုင်ငံတဝန်း မြို့နယ်တွေက ဘဏ်အကောင့်တွေ၊ Kpay အကောင့်တွေလို ဒစ်ဂျစ်တယ်စနစ် ဘဏ်အကောင့်တွေကို ဆက်တိုက် ပိတ်ပင်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013