
၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် ဦးမင်းကိုနိုင်ကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။
ဒီပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ ချင်းမိုင်တက္ကသိုလ် ကွန်ဗင်းရှင်းစင်တာမှာ ပြည်သူ့ဂုဏ်ရည်အသင်း ချင်းမိုင်ဌာနခွဲက တာဝန်ယူပြီး မေ ၂၃ ရက် ဒီနေ့ ပြုလုပ်ခဲ့တာပါ။
ပြည်သူ့ဂုဏ်ရည်အသင်းဟာ ရှစ်လေးလုံးအရေးတော်ပုံမှသည် နွေဦးတော်လှန်ရေးအထိ စစ်ကျွန်မခံ တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့၊ ပြည်သူနဲ့အတူ တသားတည်းရပ်တည်တဲ့၊ တော်လှန်ရေးကနေ ဘယ်တော့မှ မစွန့်ခွာတဲ့၊ ပြည်သူလူထုအတွက် အမှန်တရားကို မျက်နှာမူပြီး ရပ်တည်နေသူဖြစ်တာကြောင့် ဦးမင်းကိုနိုင်ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်အတွက် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ကြတာပါ။
ဒီဆုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကစလို့ ရွေးချယ်လာခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းကိုတော့ အမေရိကန်ပြည်ထောင်စုမှာ ရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာ ရောက်နေကြတဲ့ တခြား မြန်မာပြည်ဖွား တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူတွေကို နှစ်စဉ် ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်နေတာပါ။
လာမဲ့ ၂၀၂၇ ခုနှစ် ၁၈ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကိုတော့ အမေရိကန်နိုင်ငံ ဟာဝိုင်ရီဌာနခွဲက တာဝန်ယူ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။










