
ပြည်သူ့ဂုဏ်ရည်အသင်းဟာ ၂၀၁၀ ပြည့်နှစ်က စလို့ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူတွေကို နှစ်စဉ် ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခဲ့တာ အခု ၂၀၂၆ ခုနှစ်မှာတော့ ၁၇ ကြိမ်မြောက် ရှိသွားခဲ့ပါပြီ။
၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမင်းကိုနိုင်ကို ရွေးချယ်ခဲ့ကြပါတယ်။
ဒီဆုပေးပွဲကိုတော့ မေလ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ချင်းမိုင်တက္ကသိုလ် ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့တာပါ။ ဆုပေးပွဲအခမ်းအနားမှာ ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ဦးမင်းကိုနိုင်ကိုယ်စား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းတဦး ဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်အောင်က ကိုယ်စား လက်ခံရယူခဲ့ပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်အောင်က “ဆုကို ရွေးချယ်တဲ့အခါ စံနှုန်း သုံးခုနဲ့ အဓိက ရွေးချယ်ကြတာပါ။ နံပါတ် ၁ က ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှု၊ နံပါတ် ၂ က ကျယ်ပြန့်ထိရောက် အောင်မြင်အောင် ဆောင်ရွက်ပြီးစီးနိုင်မှု၊ နံပါတ် ၃ က နိုင်ငံသားများနဲ့ လူ့ဘောင်လောကအတွက် စံပြဖြစ်မှု အဲဒီအချက် သုံးချက်နဲ့ ကျနော်တို့ တိုင်းတာပြီးတော့ ပြည်သူ့ဂုဏ်ရည်အသင်းမှာ ဌာနခွဲတွေရှိတယ်၊ အဲဒီဌာနခွဲတွေကနေ ဆုရှင်လောင်းပေါ့နော် လူပုဂ္ဂိုလ်တဦး ဖြစ်ရင်ဖြစ်မယ်၊ အဖွဲ့အစည်းတခု ဖြစ်ရင် ဖြစ်မယ်၊ အကြောင်းအရာ တခု ဖြစ်ရင် ဖြစ်မယ်၊ အဲဒါကို ဆန်ခါတင်စာရင်းတင်ကြတယ်၊ ဒီစံနှုန်း သုံးချက်နဲ့တော့ ကိုက်ညီရမယ်၊ အဲဒါကို ကိုယ့်ဌာနခွဲတွေမှာ ကိုယ့်ဘာသာကိုယ် ညှိနှိုင်းပြီးတော့ ရွေးချယ်တယ်၊ ပြီးရင် ဗဟိုဆုရွေးချယ်ရေးပေါ့ အဲဒီကိုတင်၊ ကျနော်တို့ အဆင့်ဆင့် ဒီမိုကရေစီနည်းနဲ့ မဲစနစ်နဲ့ ရွေးချယ်တယ်၊ အဲဒီမှာ ဆန်ခါတင် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ အဲဒီမှာ ဒီနှစ် ဒီစံနှုန်းသုံးချက်နဲ့ ရာခိုင်နှုန်းပြည့်နဲ့ နောက်ဆုံး ကိုမင်းကိုနိုင်ကို အတည်ပြုရွေးချယ်နိုင်ခဲ့ကြတယ်” လို့ ရှင်းပြခဲ့ပါတယ်။
ရှစ်လေးလုံးအရေးဝောာ်ပုံမှသည် နွေဦးတော်လှန်ရေးအထိ စစ်ကျွန်မခံ တွန်းလှန်တိုက်ပွဲဝင်တဲ့ တော်လှန်ရေးက တဖဝါးမှမခွာတဲ့ ဦးမင်းကိုနိုင်ကို ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်တာပါလို့ ပြည်သူ့ဂုဏ်ရည်အသင်းက ဆိုပါတယ်။
ဒီဆုပေးပွဲမှာ ဦးမင်းကိုနိုင်ရဲ့ နိုင်ငံရေး ရဲဘော်ရဲဘက်တဦး ဖြစ်သူ ဦးဂျင်မီ၏ ဇနီးဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်လည်း ဖြစ်တဲ့ ဒေါ်နီလာသိန်းက ဆရာနေခြူး ရေးစပ်ပေးခဲ့တဲ့ ဂုဏ်ပြုကဗျာကို ရွတ်ဆိုတဲ့ ရုပ်သံပေးပို့ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။
ဦးမင်းကိုနိုင်ဟာ ၁၉၉၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်နဲ့ ပူးတွဲပြီး ကနေဒါနိုင်ငံက John Humphrey လွတ်မြောက်ရေးဆု၊ ၂၀၀၀ ခုနှစ်မှာ ချက်သမ္မတနိုင်ငံ၊ People in Need Foundation က Homo Homini ဆု၊ ၂၀၀၁ ခုနှစ်မှာ နော်ဝေနိုင်ငံက ကျောင်းသားငြိမ်းချမ်းရေးဆု၊ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ Train Foundation က လူမှုရဲစွမ်းသတ္တိဆု၊ ၂၀၀၉ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံက ဂွမ်ဂျူး လူ့အခွင့်အရေးဆုတို့ ရရှိထားသူလည်း ဖြစ်ပါတယ်။
အခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲကို ကိုယ်တိုင်တက်ရောက်လာတဲ့ Clean Yangon အဖွဲ့တာဝန်ခံ ကိုဇေယျာထွန်းကလည်း ဦးမင်းကိုနိုင်ရဲ့ ပေးဆပ်မှုတွေအပေါ် လေးစားဂုဏ်ယူကြောင်း ပြောပါတယ်။
ကိုဇေယျာထွန်းက “ကျနော်တို့က အင်မတန် လေးစားဂုဏ်ယူရတဲ့ ဦးပေါ်ပေါ့နော်၊ ဦးပေါ် (ကိုမင်းကိုနိုင်) အနေနဲ့ ဒီဆုကို ရတဲ့အတွက် အင်မတန်ကို ဂုဏ်ယူမိပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးပေါ်က တော်လှန်ရေး၊ ကျနော်တို့ ဟိုး.. ကျနော်တို့တောင် မမွေးသေးဘူးပေါ့နော်၊ အဲဒီကတည်းက စခဲ့တဲ့ တော်လှန်ရေးခရီးလမ်းကို ဒီနေ့ဒီအချိန်ထိပေါ့နော် လူထုကို အများကြီး ဦးဆောင်နိုင်ခဲ့တယ်၊ ကိုယ်တိုင်လည်း အများကြီး အနစ်နာခံပြီး ဆောင်ရွက်နေတဲ့ သူတယောက်ဖြစ်တဲ့အတွက် ဒီဆုက အင်မတန်ကို ထိုက်တန်ပါတယ်ခင်ဗျ။”
ပထမဆုံးသော ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ရရှိခဲ့ဖူးသလို ဒေါ်သန်းမြင့်အောင်၊ ဒေါက်တာသန်းမင်းထွဋ်၊ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ (ဘားလမ်း) နဲ့ ဖောင်တော်ဦး ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့လည်း ကဏ္ဍအသီးသီးကနေ ရွေးချယ်ချီးမြှင့်ခြင်း ခံခဲ့ရဖူးပါတယ်။
လာမဲ့ ၂၀၂၇ ခုနှစ်ရဲ့ ၁၈ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကိုတော့ အမေရိကန်နိုင်ငံ ဟာဝိုင်ရီဌာနခွဲက တာဝန်ယူကျင်းပသွားမှာ ဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းကိုတော့ အမေရိကန်ပြည်ထောင်စုမှာ ရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာ ရောက်နေကြတဲ့ တခြား မြန်မာပြည်ဖွား တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။










