
၂၀၂၅ ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိခဲ့တဲ့ အဖမ်းအဆီးခံ နိုင်ငံရေး အကျဉ်းသား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူ ကိုထိန်လင်းခေါ် ကင်မ်အဲရစ်က လက်ခံရယူသွားမယ်လို့ မေ ၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝတလျှောက်လုံး မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ အနစ်နာခံမှု၊ မေတ္တာတရားနဲ့ နိုင်ငံရေးဦးဆောင်မှုတွေအပေါ် ကျေးဇူးတင်စကားဆိုခြင်းနဲ့ အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေတဲ့ စိတ်ခွန်အားတွေကို ဦးညွှတ်ဂုဏ်ပြုတာလို့ အသင်း အလုပ်အမှုဆောင်အဖွဲ့က ကြေညာထားပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းကို မြန်မာပြည်တွင်းက ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေကို ပြည်ပရောက် တိုင်းရင်းသားမြန်မာမိသားစုတွေက ဝိုင်းဝန်းဂုဏ်ပြုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။
ဆုပေးပွဲအခမ်းအနားကို အမေရိကန်နိုင်ငံ တက္ကဆက်ဌာနခွဲ ဟူဆတန်မြို့မှာ မေ ၂၄ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိပါတယ်။
၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲ အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ လူအခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ တက်ရောက်ချီးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။