
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ သြဂုတ် ၁၃ ရက် မနက်ပိုင်းက စစ်အာဏာရှင် လက်အောက်ခံ ဒုဗိုလ် တယောက်ကို အရှင်ဖမ်းဆီးစဥ် ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွား ခဲ့တယ်လို့ Taung Tha People Defense Force (TTA-PDF) ဆီကနေ သိရပါတယ်။
TTA-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “တောင်သာနယ် ၀ဲလောင်စစ်တပ်စခန်းကို အေးရွာ ဂက်(စ်)ပိုက်လိုင်း အထိုင်ဂိတ်ကကောင်တွေ အရပ်၀တ်တွေနဲ့ သွားလာလှုပ်ရှားနေတယ် ဆိုတာကို ကြိုတင်သတင်းရလို့ ကျနော်တို့ဘက်က ကင်းပုန်းဝပ်ပြီး စောင့်နေတဲ့အချိန် မနက် ၇ နာရီခွဲ လောက်မှာ အေးရွာ ဂက်(စ်)ပိုက်လိုင်း အထိုင်ဂိတ်ကနေ ဆိုင်ကယ်နဲ့ တယောက်တည်း ထွက်လာတဲ့ သူ့ကို တားပြီး စစ်ဆေးဖို့လုပ်တဲ့အချိန်မှာ ပြန်လည်ခုခံလို့ ပစ်ခတ်ဖမ်းဆီးလိုက်တာမှာ သေဆုံး သွားခဲ့တာပါ” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ စစ်အာဏာရှင်တပ်လက်အောက်ခံ အမှတ် ၇၈ ကြည်းတပ်က အသက် ၄၅ နှစ်အရွယ် ဒုဗိုလ်မောင်သိန်း ဖြစ်ပြီး သူ့ဆီကနေ လက်ပစ်ဗုံးတလုံး၊ ဆိုင်ကယ်တစီး၊ ဖုန်းနဲ့ ငွေသားအနည်းငယ် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
TTA-PDF တာဝန်ရှိသူက “သူ့ကို ဝဲလောင်ရဲစခန်းနဲ့ အေးရွာ ဂက်(စ်)ပိုက်လိုင်းကြားမှာ အရှင်ဖမ်းဖို့ ကြိုးစားနေတုန်း သူက စီးလာတဲ့ဆိုင်ကယ်ကို ထားခဲ့ပြီးတော့ လက်ပစ်ဗုံးနဲ့ပစ်ပြီး ထွက်ပြေးတယ်။ သူ့ဘက်က စတင်တိုက်ခိုက်ခဲ့တာပါ။ နောက်တလုံးထပ်ပစ်ဖို့ လုပ်နေတဲ့အချိန်မှာပဲ ကျနော်တို့ဘက်က ပစ်ခတ်လိုက်လို့ ခေါင်းကိုထိပြီး အဲဒီနေရာမှာ သေဆုံးသွားပါတယ်။ သူ့ဆီက သိမ်းလိုက်တဲ့ ဖုန်းထဲကနေမှ သူဟာ ဒုဗိုလ်မောင်သိန်း ဆိုတာ သိရတာပါ” လို့ ပြောပါတယ်။
တောင်သာမြို့နယ်ထဲက ၀ဲလောင်စစ်တပ်အထိုင်စခန်းနဲ့ အေးရွာ ဂက်(စ်)ပိုက်လိုင်း အထိုင်ဂိတ်တွေ က စစ်အာဏာရှင်လက်အောက်ခံတွေဟာ အနီးအနားကျေးရွာတွေကို မကြာခဏ ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို လုယူတာတွေ မကြာခဏ ပြုလုပ်နေတာကြောင့် ကြောက်လန့် နေကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။











