
မှတ်ပုံတင်လုပ်ရာမှာ လာဘ်စားမှုနဲ့ နာမည်ကျော်ကြားတဲ့ စစ်အာဏာရှင်လက်အောက်ခံ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က လဝကမှူးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံထံက သိရပါတယ်။
ဇူလိုင် ၂၈ ရက် မနက်ပိုင်းက တောင်သာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန က အသက် ၄၅ နှစ်ကျော်အရွယ် ဦးစီးမှူး ဒေါ်မိုးစန္ဒာကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ တွေက တောင်သာမြို့နယ်၊ သီးကုန်းကျေးရွာက နေအိမ်မှာ လာရောက် ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ဒေါ်မိုးစန္ဒာကို စစ်ဆေးဖို့ရှိတယ်ဆိုပြီး လက်နက်ကိုင်အဖွဲ့တခုက ဖမ်းခေါ်သွားတာ။ မျက်နှာကို အဝတ်တွေနဲ့စည်းပြီးတော့ ဖမ်းခေါ်သွားတာလို့ သိရပါတယ်။ သူက လာဘ်စားမှုနဲ့ ကျော်စောသူပဲ” လို့ ပြောပါတယ်။
တောင်သာမြို့နယ် လဝကမှူးကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ ၄ ယောက်က ဆိုင်ကယ် ၄ စီးနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာ လို့ ဆိုပါတယ်။
ဖမ်းခေါ်ခံရတဲ့ လဝကမှူး ဒေါ်မိုးစန္ဒာဟာ ဇူလိုင် ၂၈ ရက် ညနေပိုင်းအထိ ပြန်လွတ်လာခြင်း မရှိသေးဘဲ လဝကမှူး ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေတယ်လို့ သိရပါတယ်။










