
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက စစ်တပ်အထိုင်ဂိတ်တွေကို ဇူလိုင် ၂၈ ရက်နေ့မှာ တိုက်ခိုက်ခဲ့လို့ သေနတ် ၂ လက်နဲ့အတူ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တိုက်ခိုက်မှုအတွင်းပါဝင်ခဲ့တဲ့ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းက သြဂုတ် ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “တောင်သာမြို့အရှေ့ဘက်အဝင်မှာ ပြည်သူတွေကို လက်နက်ပြမိုက်ကြေးခွဲ ငွေညှစ်နေတဲ့ မန်ကျည်းရိုးစစ်ဆေးရေးဂိတ်နဲ့ ဗိဿနိုးအထိုင်ဂိတ်တွေကို တိုက်ခိုက်ခဲ့တာပါ။ မကျည်းရိုးဂိတ်က စခ မြင့်တင် ဆိုတဲ့ကောင်က ခရီးသွားပြည်သူတွေအပေါ်တော်တော်ဆိုးတာဗျ။ မိုက်ရိုင်းတယ်၊ ငွေတောင်းလည်းကြမ်းတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်ကတချို့ သေဆုံးပြီး ဒဏ်ရာရရှိသူတွေအပါအဝင် တချို့ကတော့ ထွက်ပြေးသွားကြတယ်လို့လည်း ဆိုပါတယ်။
မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းရဲ့တာဝန်ရှိသူက ``သေတဲ့ကောင်တွေလည်းရှိတယ်။ အတိအကျတော့ မသိခဲ့ရဘူး။ ကျန်တဲ့ကောင်တွေကတော့ ခွေးပြေးဝက်ပြေးထွက်ပြေးသွားကြတယ်။ ထွက်ပြေးသွားတဲ့အထဲမှာ ဒဏ်ရာရတဲ့သူတွေလည်းပါတယ်။ အခုဝင်တိုက်တဲ့ စစ်တပ်ဂိတ်တွေက မြို့နဲ့လည်း အရမ်းနီးနေတော့ စစ်ကူတွေမလာခင် အချိန်သိပ်မဆွဲဘဲ အူဇီသေနတ် ၂ လက်နဲ့ ပြည်သူတွေဆီက တောင်းထားတဲ့ပိုက်ဆံတွေနဲ့ ဆက်စပ်ပစ္စည်းတွေ အမြန်သိမ်းပြီးတော့ ပြန်ဆုတ်လာတာ။ ဂိတ်တွေကအဆောက်အအုံတွေနဲ့ ဘန်ကာတွေကိုတော့ မီးရှို့ဖျက်ဆီးခဲ့ကြသေးတယ်။ လက်နက်တွေက မကျည်းရိုးဂိတ်ကနေရခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၁ ယောက်လည်း မစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ခိုက်မှုတွေကို မြင်းခြံခရိုင် အမှတ် ၁၊ ၂၊ ၃၊ ၇၊ ၈ တပ်ရင်းအပြင် မြင်းခြံခရိုင် ပကဖ၊ နွာထိုးကြီးမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖနဲ့ စဉ့်ကိုင်မြို့နယ် ပကဖ တို့က တော်လှန်ရေးရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။










