
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပြင်ရှိ ဓညဝတီရေတပ်ဌာနချုပ်လက်အောက်ခံ တောင်မော်ဦး(ကြီး) ရေတပ်ရဲ့အဓိကအမာခံ အဝတောင်အထိုင်စခန်းအနီးမှာ AA နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဇွန် ၁၄ ရက်ကတည်းက အဝတောင်အထိုင်စခန်းမှ ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းနဲ့ AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“အဝတောင်က သူတို့အတွက် အဓိက အမာခံစခန်းတခုဖြစ်တယ်။ အဲဒီစခန်းကနေ ထိုးစစ် စစ်ကြောင်းတွေ ထွက်တယ်။ အခုတော့ အဲဒီအနီးနားမှာပဲ ဖြစ်နေတယ်။”
ဇွန် ၁၄ ရက်ကနေ ၁၅ ရက်ထိ တိုက်ပွဲမှာ စစ်အာဏာရှင်တပ်ဘက်က ထိခိုက်ကျဆုံးမှုအချို့ရှိနေပြီး စစ်ကြောင်းဟာ ဒဏ်ရာရသူတွေနဲ့အတူ အဝတောင်ကျေးရွာစခန်းကို နောက်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “မနေ့ညက တိုက်ပွဲမှာတော့ စကစ ဘက်က ထိခိုက်မူရှိတယ်။ သိရသလောက်ကတော့ စကစ အလောင်းအချို့နဲ့ လက်နက်ခဲယမ်းအချို့ကို AA ဘက်က သိမ်းဆည်းရမိတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
အခုလိုတိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို တောင်မော်ဦးရေတပ်နဲ့ နေဗီတွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ကူပေးပြီး ပတ်ဝန်းကျင်ကျေးရွာတွေနဲ့ တောင်တွေကိုလည်း ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဇွန်လပထမအပတ်မှာ တောင်မော်ဦးရေတပ်ကို စစ်အာဏာရှင်က ရေကြောင်းမှတဆင့် အင်အား ၃၀၀ ခန့် ဖြည့်တင်းပြီးနောက် ဇွန် ၁၄ ရက်မှာ အဝတောင်မှတဆင့် မျော့ချောင်းဘက်ကို အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းထိုးလာပြီး အာရက္ခတပ်တော်နဲ့ နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်လာတာလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။










