
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်အပါအဝင် ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံ တရားရုံးက လက်ခံထားတဲ့အမှု ပြစ်မှုထင်ရှား စီရင်ခံရရင် စစ်ခေါင်းဆောင်အနေနဲ့ ဂုဏ်သိက္ခာအရထိခိုက်မှာဖြစ်သလို အကျိုးဆက်တွေလည်း ရှိလာနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က “လက်ခံပြီးရင် အဲဒါကို ပြန်ပြီးတော့ သူတို့က ဒီတိုင်တန်းချက်ထဲမှာပါတဲ့ အချက်တွေကို ပြန်ပြီး သုံးသပ်မယ်။ ဆက်ပြီးတော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်မှာတွေ၊ ချိုးဖောက်တာ မှန်၊ မမှန် ဆိုတဲ့ စုံစမ်းစစ်ဆေးမှုကို လုပ်ပြီးတော့မှ ဒီ legal process ပေါ့နော်၊ အမှုရဲ့ လုပ်ငန်းစဉ်ကို ဆက်ပြီး ဆောင်ရွက်မယ်ဆိုတာတော့ အဲဒီလောက်တော့ သိထားရတာပေါ့။ Universal Jurisdiction ရဲ့ အောက်ကနေပြီးတော့ ဒီပြစ်မှုထင်ရှား စီရင်ခံရပြီ ဆိုလို့ရှိရင်တော့ တရားခံစာရင်းကို ရောက်သွားပြီးတော့ အဲဒီအတွက် လိုအပ်တဲ့ ဝရမ်း၊ ဖမ်းဝရမ်း ထုတ်တာတွေ၊ ပြည်ပနိုင်ငံတွေကို ထွက်ခွာလို့မရတဲ့ အခြေအနေမျိုးတွေက ဖြစ်လာမှာပဲ။ နိုင်ငံတော်သမ္မတ တယောက်ရဲ့ ဂုဏ်သိက္ခာ၊ ဂုဏ်အင်္ဂါနဲ့အညီ ဟုတ်လား၊ နိုင်ငံကို ဦးဆောင်နိုင်တဲ့သူ မဟုတ်ဘဲနဲ့ ဒီကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးအရ တရားယူခံထားရတဲ့ တရားခံတဦး ဖြစ်နေတယ်ဆိုတဲ့ ဒီစွပ်စွဲချက်နဲ့ အမိန့်ချမှတ်ချက်က ဂုဏ်သိက္ခာအရ လွန်စွာကျဆင်းနိုင်တဲ့ကိစ္စတွေ ဖြစ်လာမှာပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် လွတ်လာစွာ ပြည်ပသွားလာခွင့်တွေ၊ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်ခွင့်တွေနဲ့ နိုင်ငံတကာ အရေးကိစ္စတွေ လုပ်ဆောင်နိုင်ခွင့်တွေမှာလည်း အခက်အခဲတွေ ကြုံလာရနိုင်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဒီအမှုကိစ္စဟာ အာဆီယံဒေသတွင်း ကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် နိုင်မဲ့ အခွင့်အရေးတခု ဖြစ်လာပြီး ပြစ်မှုကျူးလွန်သူတွေဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရနိုင်တော့ ကြောင်း လက်ခံလာတဲ့ ကမ္ဘာကြီး ဖြစ်လာကြောင်း သက်သေပြနေတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုတွဲမှာ လက်မှတ်ရေးထိုးသူတယောက်ဖြစ်တဲ့ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရုစ်မန်း ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစီရင်နိုင်ရေးအတွက် ပထမခြေလှမ်းအဖြစ် စုံစမ်းစစ်ဆေးမှုတွေ စတင်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက် (Genocide Convention)ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ငြင်းမရတဲ့ အထောက်အထားတွေ တင်ပြခဲ့ ပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။
မာဇူကီ ဒါရုစ်မန်းက “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအပေါ် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ဖို့ အင်ဒိုနီးရှားမှာ တာဝန်ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံက ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာတွေကို အဆုံးသတ်ရမယ်ဆိုတဲ့ အားကောင်းတဲ့ သတင်းစကားကို ပေးပို့ရာ ရောက် ပါတယ်။ ကျနော်တို့ရဲ့ ဥပဒေအသစ်တွေဟာ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက် (Genocide Convention) ရဲ့ ပြဋ္ဌာန်းချက်တွေကို ထင်ဟပ်စေပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ ကျနော်တို့မှာ တာဝန်ရှိသလို ဒီနေ့မှာ လည်း မြန်မာနိုင်ငံက ရိုဟင်ဂျာ ပြည်သူတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ တကယ်ဖြစ်ပွား နေတယ် ဆိုတဲ့ ငြင်းပယ်လို့မရတဲ့ အထောက်အထားတွေကို ကျနော်တို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် အဓိက ကျူးလွန်ခဲ့တဲ့ တရားခံတွေအဖြစ် ခြေမြန်တပ်မ ၃၃ နဲ့ ၉၉ တို့ကို ကမ္ဘာလုံးဆိုင်ရာတရားစီရင်ရေး (Universal Jurisdiction) အောက်ကနေ တရားစွဲဆိုနိုင်ဖို့ ဧပြီ ၆ ရက်မှာ အင်ဒိုနီးရှားနိုင်ငံတရားရုံးက လက်ခံထားတာပါ။
တရားစွဲဆိုထားတဲ့ တိုင်ကြားထားသူ ၁၀ ယောက်ထဲမှာ ရိုဟင်ဂျာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ယာ့စမင်းအူလာက အရေးအခင်းကနေ အသက်ရှင်ကျန်ရစ်သူလည်း ဖြစ်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာသူ ယာ့စမင်းအူလာက “ဒီနေ့ဟာ မြန်မာနိုင်ငံနဲ့ အာဆီယံ ဒေသ တခုလုံးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုအတွက် အလွန်အရေးပါတဲ့ မှတ်တိုင်တခု ဖြစ်ပါတယ်။ ကျမတို့ဟာ မြန်မာစစ်အုပ်စု၊ အထူးသဖြင့် အာဏာရှင် မင်းအောင်လှိုင်ကို တာဝန်ခံမှုရှိအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခိုးယူထားတဲ့ ရွေးကောက်ပွဲ၊ တရားဝင်မှုမရှိတဲ့ ရာထူးအာဏာတွေနဲ့အတူ ကျမတို့ နိုင်ငံရဲ့ သမ္မတနန်းတော်ထဲမှာ သူ သက်သောင့်သက်သာ ထိုင်နေခွင့် ရတော့မှာ မဟုတ်ပါဘူး။ ရိုဟင်ဂျာအမျိုးသမီးတွေအနေနဲ့ မြန်မာနိုင်ငံက လူတိုင်းအတွက် တရားမျှတမှုရရှိအောင် အမြဲတမ်း ဆက်လက်တွန်းအားပေးသွားမှာပါ” လို့ ပြောပါတယ်။
အင်ဒိုနီရှားနိုင်ငံက ကမ္ဘာလုံးဆိုင်ရာတရားစီရင်ရေး (Universal Jurisdiction) အောက်က ရာဇဝတ်ကြောင်းအရ တရားစွဲဆိုနိုင်မဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် လက်ခံတဲ့ ပထမဆုံးအမှု ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံ က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက် ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုခဲ့ကာ ၂၀၂၂ ခုနှစ် မှာတော့ အမှုကို ဆက်လက်ကြားနာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) ကလည်း ရိုဟင်ဂျာတွေကို နယ်စပ်ကျော် မောင်းထုတ်မှုအပါအဝင် လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ပြစ်မှုတွေကို စုံစမ်းစစ်ဆေးနေပြီး အာဂျင်တီးနားနိုင်ငံကလည်း စစ်ခေါင်းဆောင်တွေကို တရားစွဲထားတာ ရှိပါတယ်။
နောက်ဆုံးအနေနဲ့ ၂၀၂၆ ခုနှစ် အစပိုင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တီမောနိုင်ငံကလည်း ချင်းပြည်နယ်က အရပ်သားတွေအပေါ် မုဒိမ်းမှု၊ လူသတ်မှုနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီတပ်ကို တရားစီရင်ရေး (Universal Jurisdiction) အောက်ကနေ တရားစွဲဆိုထားတာ ရှိပါတယ်။
တီမောနိုင်ငံမှာ တရားစစွဲချိန်မှာ စစ်ကောင်စီက တီမောနိုင်ငံသံအမတ်ကြီးကို ပြင်နှင်ဒဏ်ပေးပြီး နှင်ထုတ်ခဲ့ပေမဲ့ အခုတကြိမ် အာဆီယံ အင်အားကြီးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တုံ့ပြန်တာ မတွေ့ရသေးပါဘူး။
ဝေဝေ










