
အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှာ တောမီးလောင်လို့ စင်ကာပူနိုင်ငံရဲ့ လေထုအရည်အသွေးက စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆင့်အထိ ကျဆင်းသွား ခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၉ နာရီမှာ ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေး စောင့်ကြည့် လေ့လာရေး ဝက်ဘ်ဆိုက် IQAir ရဲ့ အချက်အလက်တွေအရ လေထုညစ်ညမ်းမှုအဆင့်က ၁၇၉ ရှိခဲ့ပြီး ကျန်းမာရေးအတွက် မကောင်းတဲ့ အဆင့် သတ်မှတ်ချက်အတွင်း ကျရောက်နေတာပါ။
အင်ဒိုနီးရှားနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၁ နှစ်အတွင်း အပြင်းထန်ဆုံးတောမီးတွေကို ရင်ဆိုင်နေရပြီး လက်ရှိ လောင်ကျွမ်းနေတဲ့ တောမီးတွေက အခုနှစ် နိုဝင်ဘာလအထိ ဆက်လောင်နေ နိုင်တယ်လို့ အင်ဒိုနီးရှား သစ်တောရေးရာဝန်ကြီး ရာဂျာ ဂျူလီအန်တိုနီက သတိပေးထားပါတယ်။
ဘော်နီယိုနဲ့ ဆူမားတြားကျွန်းတွေက အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရပြီး အန္တရာယ်ရှိတဲ့ မီးခိုးမြူတွေ ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှု မြင့်တက်လာခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော် မီးခိုးမြူတွေကြောင့် အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း လေထုအခြေအနေက ကျန်းမာရေးအတွက် မကောင်းတဲ့ အခြေအနေကို ရောက်နေပြီး မြို့တော် ကွာလာလမ်ပူကတော့ ကျန်းမာရေးအတွက် အလွန်အမင်းဆိုးရွားတဲ့ အဆင့်နဲ့ ကမ္ဘာ့ လေထုအရည်အသွေး အဆိုးဆုံး အဆင့်ကို ရောက်နေတယ်လို့ IQAir ရဲ့ စက်တင်ဘာ ၂၉ရက် သတ်မှတ်ချက်က ဖော်ပြထားပါတယ်။
Source:Reuters










