
အရှေ့တောင်အာရှနိုင်ငံ အင်ဒိုနီးရှားမှာ ပြင်းထန်တဲ့ တောမီးတွေကို ရင်ဆိုင်နေရချိန်မှာ ဘော်နီယိုကျွန်းပေါ်က ပွန်တီယာနက်မြို့ကို မီးခိုးမြူထူတွေ ဖုံးလွှမ်းထားပါတယ်။
ကလေးတွေဟာ ချောင်းဆိုးတာ၊ လည်ချောင်းနာတာနဲ့ ဖျားတာအထိ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ခံစားနေရပြီး ဆေးဝါးတွေနဲ့ ခဏတာ ထိန်းထားရတယ်၊ ဒါပေမဲ့ ဒီအခြေအနေက ဆက်ဖြစ်နေရင် ပိုဆိုးတဲ့ရောဂါတွေ ဖြစ်လာမှာကို စိုးရိမ်မိပါတယ်လို့ အသက် ၄၅ နှစ်အရွယ်၊ ကလေးနှစ်ယောက်မိခင်ဖြစ်သူက ပြောပါတယ်။
စူပါ အယ်လ်နီညို ရာသီဥတု အခြေအနေကြောင့် အပူချိန်မြင့်တက်လာပြီး အပြင်းအထန် မိုးခေါင်ရေရှားနေချိန်မှာ ပွန်တီယာနက်မြို့ တည်ရှိရာ ဘော်နီယိုကျွန်းက အနောက် ကလီမန်တန် ပြည်နယ်ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်အတွင်း အင်ဒိုနီးရှားမှာ အပြင်းထန်ဆုံး တောမီးလောင်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ ဒေသတွေထဲက တခုဖြစ်ပါတယ်။
စိုက်ပျိုးရေးအတွက် မြေရှင်းရာက ထွက်လာတဲ့ မီးခိုးတွေ၊ ပြာမှုန်တွေနဲ့ လေထဲမှာ ပျံ့နှံ့နေတဲ့ အလွန်သေးတဲ့ အမှုန်အမွှားတွေ ရောနှောပါဝင်တဲ့ မီးခိုးမြူတွေက နယ်စပ်ဖြတ်ကျော်လာလို့ အိမ်နီးချင်း စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့မှာပါ လေထုအရည်အသွေး ကျဆင်းနေပြီး ကျန်းမာရေးအတွက် မကောင်းတဲ့အခြေအနေထိ ရောက်နေတာပါ။
ဥရောပသမဂ္ဂရဲ့ ကော့ပါးနီးကပ်စ် ရာသီဥတု စောင့်ကြည့်လေ့လာရေးဌာန Fire Emissions Watch ရဲ့ ဝက်ဘ်ဆိုက် ဖော်ပြချက်အရ စက်တင်ဘာ ၇ ရက်အထိ တပတ်တာကာလအတွင်း အင်ဒိုနီးရှားနိုင်ငံကနေ ထုတ်လွှတ်ခဲ့တဲ့ မီးခိုးငွေ့ ပမာဏဟာ (တန်ချိန် ၁၉ ဒသမ ၇ သန်း) ရှိပြီး ကမ္ဘာတဝန်း စုစုပေါင်းထုတ်လွှတ်မှုရဲ့ သုံးပုံတပုံကျော်ခဲ့ပါတယ်။
အစိုးရရဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း မြေဧရိယာ ဧက ၅ သိန်းနီးပါး မီးလောင်ခဲ့တာပါ။
သြဂုတ်လအတွင်း နောက်ထပ် မြေဧရိယာ ဧက ၁ ဒသမ ၄ သန်း မီးဘေးသင့်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (YKAN) က ခန့်မှန်းထားပါတယ်။
Source: Reuters











