အမေရိကန် ဆိုရှယ်မီဒီယာ နာမည်ကျော် IShowSpeed အပေါ် လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက စုံစမ်းစစ်ဆေးမှုတွေ စတင်လိုက်ပါတယ်။
ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ စုစုပေါင်း follower သန်း ၁၀၀ ကျော်ရှိတဲ့ IShowSpeed (အမည်ရင်း ဒဲရန် ဂျေဆန်ဝေါ့ကင်းစ် ဂျူနီယာ) ဟာ အာဂျင်တီးနားနဲ့ ကိပ်ဗာဒီပွဲစဉ်အတွင်း အာဂျင်တီးနား ပရိသတ်တယောက်နဲ့ ပြဿနာဖြစ်ခဲ့တာပါ။
ဒီဖြစ်ရပ်ဟာ ဇူလိုင် ၃ ရက်နေ့ မိုင်ယာမီမြို Hard Rock အားကစားကွင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ IShowSpeed ဟာ ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ အမာခံ ပရိသတ် တယောက်လည်း ဖြစ်ပါတယ်။
ဖီဖာက ဒီဖြစ်ရပ်ကို သိရှိပြီးနောက် ချက်ချင်းစုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာပါ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ကမ္ဘာ့ဖလားဟာ စည်းလုံးမှု၊ ကွဲပြားမှုနဲ့ လေးစားမှုကို ဂုဏ်ပြုတဲ့ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီတန်ဖိုးတွေကို ထိခိုက်စေတဲ့ ဘယ်သူ့ကိုမှ ဘောလုံးလောကမှာ ကြိုဆိုမှာ မဟုတ်ဘူးလိုလည်း ဖီဖာက ထုတ်ပြန်ထားပါတယ်။










