DVB Logo
Home
မြန်မာသတင်း
ရမ်းဗြဲအနီး၌ ရေတပ်သင်္ဘောများ ရောက်နေသဖြင့် ဒေသခံ ငါးဖမ်းသမားများ အခက်ကြုံနေ
DVB
·
April 22, 2026
ရခိုင်ပင်လယ်ပြင်၌ တွေ့ရသည့် စစ်သင်္ဘောများ။ (Photo: MOI)
ရခိုင်ပင်လယ်ပြင်၌ တွေ့ရသည့် စစ်သင်္ဘောများ။ (Photo: MOI)
Donate to DVB

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အနီး စစ်အာဏာရှင်တပ်က ရေတပ်သင်္ဘော ၂ စင်းနဲ့ ကမ်းခြေအနီး အထိ ချဉ်းကပ်လာသလို ဒေသခံ ငါးဖမ်းသမားတွေကိုလည်း ဖမ်းဆီးနေတာကြောင့် ဒေသခံ ငါးဖမ်းသမားတွေကြား စိုးရိမ်မှုတွေနဲ့  အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၁ ရက်ကတည်းက ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအနီး ပင်လယ်ပြင်ကို ရေတပ် သင်္ဘာ ၂ စင်း  ရောက်ရှိလာတာဖြစ်ပြီး ဧပြီ ၁၂ ရက်က ကျောက်နီမော်က ငါးဖမ်းစက်လှေတစီးကို ဖမ်းဆီးကာ ငါးဖမ်းပစ္စည်းတွေနဲ့ ငါးတွေကို သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဖမ်းဆီးခံခဲ့ရတဲ့ ငါးဖမ်းစက်လှေက ငါးဖမ်းသမားတွေကို နောက်တခေါက် ဖမ်းဆီးခံရရင် သတ်ဖြတ်မယ်လို့ ရေတပ်က ခြိမ်းခြောက်ခဲ့သလို ရမ်းဗြဲမြို့နယ်ကိုလည်း ဒရုန်းတွေနဲ့ ကင်းထောက် နေတယ်လို့ ရမ်းဗြဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ရမ်းဗြဲကျွန်းအနီးကို ရေတပ်သင်္ဘော ၂ စင်း ဒီလအတွင်းမှာ ချဉ်းကပ်ပြီး ရပ်နားလာတာ ရှိတယ်။ ကျောက်နီမော်ရွာအနီး ပင်လယ်ပြင်မှာ ရပ်နားထားတာဖြစ်ပြီး ဒေသခံ ငါးဖမ်းသမားတွေကို ဖမ်းဆီးခဲ့တာကြောင့် ပင်လယ်ပြင် ငါးဖမ်းထွက်တာ၊ ရေကြောင်း ခရီးသွားလာတာတွေ ဘယ်သူမှ မလုပ်ရဲကြဘူး။ ကုန်းပေါ်ကိုလည်း ညအချိန် ဒရုန်းတွေနဲ့ ကင်းထောက်မှုတာတွေလည်း ရှိလာတာ ကြောင့် ဒေသခံတွေကတော့ စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်။”

ရမ်းဗြဲကျွန်းမှာ အရင်က ကျောက်ဖြူမြို့ အနီးပတ်ဝန်းကျင်တွေမှာလည်း ရေတပ်သင်္ဘောတွေ ကင်းလှည့်ခဲ့ပေမဲ့ လက်ရှိမှာတော့ ရမ်းဗြဲမြို့နယ်ဘက်အထိ ရေတပ်သင်္ဘောတွေကို တိုးချဲ့ ချထား လာတာ ဖြစ်ပါတယ်။

ရမ်းဗြဲကျွန်းမှာ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်တို့ တည်ရှိပြီး ရမ်းဗြဲကျွန်း ကျောက်ဖြူမြို့နယ်မှာ ရေတပ်သင်္ဘော ၄ စင်းကနေ အခု ရမ်းဗြဲမြို့နယ်ကို ၂ စင်း ထပ်တိုးချဲ့ချထားလိုက်တာကြောင့် စစ်သင်္ဘာ ၆ စင်းအထိ တိုးလာတာလည်း ဖြစ်ပါတယ်။

ရမ်းဗြဲကျွန်းဟာ မာန်အောင်ကျွန်းနဲ့ တောင်ကုတ်မြို့နယ်တို့နဲ့ ထိစပ်နေတာကြောင့် ပင်လယ်ပြင်မှာ ရေတပ်သင်္ဘောတွေ တိုးချဲ့ချထားလိုက်တာဟာ စစ်ရေးအရ ခြိမ်းခြောက်ဖို့ ကြိုးပမ်းလာနေတာ ဖြစ်တယ်လို့ ရခိုင် စစ်ရေးစောင့်ကြည့်နေတဲ့ လူငယ်တယောက်က ပြောပါတယ်။

“ရခိုင်က ဆုံးရှုံးမြို့နယ်နဲ့ ကျောက်ဖြူစစ်မျက်နှာကို စစ်ရေးအရ ဖိအားပေးနိုင်ဖို့ ရေတပ်သင်္ဘောတွေ အင်အားဖြည့်တင်းတာမျိုး ဖြစ်နိုင်တယ်။ ကမ်းတက်မယ်ဆိုတာက ထင်သလောက်မလွယ်ဘူး။ ကုန်းမြေချင်း ထိစပ်နေတဲ့ ဒေသမှာတောင် စစ်တပ်က AA တိုက်မနိုင်တာ။ ကမ်းတက် တိုက်ပွဲ ဆင်နွှဲဖို့ဆိုရင် စစ်တပ်အနေနဲ့ သူတို့ရဲ့ အင်အားကို ဖြုန်းတီးတာပဲ ဖြစ်ပါလိမ့်မယ်။”

လက်ရှိမှာ ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က ရေတပ်သင်္ဘောတွေကို အသုံးပြုကာ လက်နက်ခဲယမ်းနဲ့ လူအင်အားတွေ ဆက်တိုက်ပို့ဆောင်နေ ပါတယ်။

ရမ်းဗြဲကျွန်းပတ်ဝန်းကျင်ကို စစ်တပ်က ရေတပ်သင်္ဘာတွေ မကြာခဏ လှည့်ပတ် သွားလာ လေ့ရှိပြီး သူတို့နဲ့တွေ့တဲ့ ဒေသခံငါးဖမ်းသမားတွေကိုလည်း မကြာခဏ ဖမ်းဆီးတာမျိုးတွေ ရှိတယ် လို့ ရမ်းဗြဲဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ရခိုင်စစ်မြေပြင်ကို ကုန်းကြောင်းကနေ အင်းအားတွေ ပို့ဆောင်လို့ မရတော့တာကြောင့် ရေကြောင်းသင်္ဘောတွေကို အသုံးပြုပြီး အင်အားဖြည့်တင်းမှုတွေကို ဆက်တိုက်လုပ်နေတာလည်း ဖြစ်ပါတယ်။

ရခိုင်စစ်မြေပြင်မှာ စစ်တပ်က အသုံးပြုနေတဲ့ ရေတပ်သင်္ဘော အစင်း ၃၀ ထက်မနည်း ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပြီး ကမ်းခြေအနီး ကပ်လာတဲ့ စစ်သင်္ဘောတွေဟာ အာရက္ခ တပ်တော်ရဲ့ လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို တိုက်ခိုက်ခံနေကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013