
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် မင်းကြောင်းချောင်း တံတားကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် တံတားကြမ်းခမ်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ် လမ်းပိုင်းကို ဆက်သွယ်ထားတဲ့ မင်းကြောင်းချောင်း တံတားကို သံဇစ်မြစ်အတွင်းမှာရှိတဲ့ စစ်အာဏာရှင်တပ်ရဲ့ ရေတပ်သင်္ဘောကနေ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဇူလိုင် ၁၄ ရက် ညနေ ၃ နာရီ ၄၅ မိနစ်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တံတားကြမ်းခင်းနဲ့ တံတားအနီးတွေမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ရမ်းဗြဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကျောက်ဖြူ-ရမ်းဗြဲနဲ့ တောင်ကုတ်တို့ကို ဆက်သွယ်ထားတဲ့ မင်းကြောင်းချောင်းတံတားကို စစ်တပ်က ဂျိုင်ရိုကော်ပတာနှစ်စီးနဲ့ ဗုံးကြဲချခဲ့တာ ရှိတယ်။ တံတားက အရင်ကတည်းက ပျက်စီးနေတာကြောင့် ပြုပြင်နေဆဲ ကြမ်းခင်းတွေမှာ ထပ်မံ ဗုံးကျခဲ့တာကြောင့် ပျက်စီးမှုတွေ ရှိခဲ့တယ်။ အဓိကတော့ စစ်တပ်ဘက်က ကျောက်ဖြူနဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ဖျက်ဆီးပြီး ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ဖို့ ကြိုးပမ်းလာတာလို့ ပြောလို့ရတယ်။”
ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ကြီး ရေတပ်အနီးမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား အခုရက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး စစ်အာဏာရှင်တပ်ဘက်က အထိနာကာ စစ်ကြောင်းတွေ ပြန်ဆုတ်နေရတာကြောင့် ကျောက်ဖြူနဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းလာနေတာလို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်အာဏာရှင်တပ်ဟာ သူတို့လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ရခိုင်က မြို့သိမ်းတိုက်ပွဲတွေမှာလည်း လမ်း၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာ၊ ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တံတား ၁၂ စင်းထက်မနည်း ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။










