DVB Logo
Home
Lead Story
တရုတ်အကူအညီဖြင့် သန်လျင်ရေနံချက်စက်ရုံတွင် လေယာဉ်ဆီပါ ချက်လုပ်မည်
DVB
·
August 3, 2026
တရုတ်အကူအညီဖြင့် သန်လျင်ရေနံချက်စက်ရုံတွင် လေယာဉ်ဆီပါ ချက်လုပ်မည်
Donate to DVB

တရုတ်ကုမ္ပဏီများ၏ ဒီဇိုင်း၊ စက်ကိရိယာနှင့် အခြေခံအဆောက်အအုံများ ထောက်ပံ့ပေးမှုဖြင့် Jet A-1 လေယာဉ်ဆီကို မြန်မာပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်ရန် စစ်အာဏာရှင်အစိုးရ လုပ်ဆောင်နေကြောင်း DVB ၏ စုံစမ်းမှုများအရ တွေ့ရသည်။

Jet A-1 လေယာဉ်ဆီ ကိုယ်တိုင် ထုတ်လုပ်ရန် စစ်အစိုးရ လုပ်ဆောင်နေ

DVB က လေ့လာထားသော ကုမ္ပဏီမှတ်တမ်းများ၊ ထုတ်ပြန်ချက်များ၊ ကုမ္ပဏီဝက်ဘ်ဆိုက်များနှင့် သင်္ဘောသွားလာမှု မှတ်တမ်းများအရ မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်အာဏာရှင်အစိုးရသည် ရန်ကုန်ရှိ သန်လျင်ရေနံချက်စက်ရုံတွင် လေယာဉ်ဆီထုတ်လုပ်ရန် ပြင်ဆင်နေသည့် အထောက်အထားများ တွေ့လာရသည်။ အထူးသဖြင့် လေယာဉ်ဆီတင်သွင်းမှုအပေါ် နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများ၊ နိုင်ငံခြားငွေ ပြတ်လပ်မှုနှင့် ကမ္ဘာ့လောင်စာဆီစျေးကွက် မတည်ငြိမ်မှုများကို ရှောင်ရှားရန် ယခုကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။

နိုင်ငံအနှံ့ တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ လက်နက်ခဲယမ်းနှင့်အတူ လေယာဉ်ဆီသည် မြန်မာစစ်တပ်အတွက် အရေးအကြီးဆုံး မဟာဗျူဟာမြောက် အရင်းအမြစ်များထဲမှ တခု ဖြစ်လာသည်။ လေတပ်သည် မြေပြင်တပ်ဖွဲ့များအား လေကြောင်းပစ်ကူပေးခြင်း၊ တပ်ကူနှင့် ရိက္ခာများ ပို့ဆောင်ခြင်းနှင့် အရပ်သားနေထိုင်ရာနေရာများ အပါအဝင် မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ခြင်းတို့ကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။ ထို့အတွက် လေယာဉ်ဆီသည် စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးများအတွက် အလွန် အရေးပါလာသည်။

လက်ရှိ အကောင်အထည်ဖော်နေသော စီမံကိန်းတွင် နိုင်ငံပိုင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) သာမက စစ်တပ်၏ လက်ရှိ လေယာဉ်ဆီထောက်ပံ့ရေးကွန်ရက်နှင့် ဆက်စပ်နေသော ကုမ္ပဏီများလည်း ပါဝင်ပတ်သက်နေသည်။ ထို့အပြင် တရုတ်ကုမ္ပဏီအချို့သည်လည်း စီမံကိန်း၏ နည်းပညာဆိုင်ရာ၊ စက်ကိရိယာထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် ပိုက်လိုင်း အခြေခံအဆောက်အအုံ လုပ်ငန်းများတွင် ပံ့ပိုးပေးနေသည်။

လေယာဉ်ဆီ တင်သွင်းမှု တနှစ်အတွင်း ၂ ဆကျော် တိုးလာ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အချက်အလက်များအရ အာဏာသိမ်းအစိုးရသည် ၂၀၂၄ ခုနှစ်တွင် လေယာဉ်ဆီ ၆၄,၅၆၂ မက်ထရစ်တန် တင်သွင်းခဲ့ရာကနေ ၂၀၂၅ ခုနှစ်တွင် ၁၄၀,၃၀၆ တန်အထိ တင်သွင်းခဲ့သည်ကို တွေ့ရသည်။ ဤပမာဏသည် တနှစ်အတွင်း ၇၅,၇၄၄ တန် တိုးလာခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၁၇ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်တွင် လေယာဉ်ဆီ ၂ ဆကျော် တင်သွင်းခဲ့ကြောင်း အချက်အလက်များက ညွှန်ပြနေသည်။

Media

လေယာဉ်ဆီ တင်သွင်းမှုသည် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်း ၁၁၇ ရာခိုင်နှုန်း မြင့်တက်လာပြီး နှစ်ဆကျော် တိုးလာသည် (မြန်မာ့ဆိပ်ကမ်းအာဏာပိုင်/DVB)

Amnesty International အဖွဲ့က စစ်တပ်၏ လေယာဉ်ဆီ ထောက်ပံ့ရေးကွန်ရက်အပေါ် လေ့လာထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံက တင်သွင်းနေသည့် လေယာဉ်ဆီ အမျိုးအစား ၂ မျိုးရှိပြီး Avgas နှင့် Jet A-1 တို့ ဖြစ်သည်ဟု ဆိုသည်။ ထိုထဲတွင် စစ်ဘက်နှင့် အရပ်ဘက်သုံး လေယာဉ် ၂ မျိုးစလုံးတွင် အသုံးပြုနိုင်သော Jet A-1 လေယာဉ်ဆီသည် အဓိက တင်သွင်းနေသည့် အမျိုးအစား ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအချို့က မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်သွင်းပေးနေသော ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်တပ်ထိန်းချုပ်ထားသော အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကြသည်။ သို့ရာတွင် ထောက်ပံ့ရေးကွန်ရက်တွင် ပါဝင်သူများသည် ကုမ္ပဏီအမည်များ ပြောင်းလဲခြင်း၊ ကြားခံအဖွဲ့အစည်းအသစ်များ အသုံးပြုခြင်းနှင့် သင်္ဘော၊ ကုန်ပစ္စည်းနှင့် ကုမ္ပဏီပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ လျှို့ဝှက်ထားခြင်း စသည့် နည်းလမ်းများဖြင့် အရေးယူမှုများကို ရှောင်တိမ်းရန် ကြိုးပမ်းခဲ့ကြကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက ထောက်ပြကြသည်။

ရေနံချက်စက်ရုံများ၏ စွမ်းဆောင်ရည် အားနည်းမှု

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ခံ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) ၏ ကြီးကြပ်မှုအောက်တွင် ရေနံချက်စက်ရုံ ၃ ရုံ ရှိသည်။ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)၊ အမှတ် (၂) ရေနံချက်စက်ရုံ (ချောက်) နှင့် ရေနံဓာတုဗေဒစက်ရုံစုံ (သံပရာကန်) တို့ ဖြစ်သည်။ လက်ရှိတွင် မန်းသံပရာကန် ရေနံချက်စက်ရုံသာ လုပ်ငန်းလည်ပတ်နေပြီး သန်လျင်နှင့် ချောက်စက်ရုံတို့မှာ ပိတ်ထားဆဲဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ မန်းသံပရာကန် စက်ရုံသည် တနေ့လျှင် ဂါလန် ၃၀၀,၀၀၀ ခန့် ချက်လုပ်နိုင်သော်လည်း လစဉ် ၁၄ ရက်ခန့်သာ လုပ်ငန်းလည်ပတ်နိုင်သည်။ အထူးသဖြင့် ရေနံစိမ်းကုန်ကြမ်းရရှိမှု ကန့်သတ်ချက်ကြောင့် ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ပြည်တွင်း ရေနံထွက်ပစ္စည်း လိုအပ်ချက်ကို အလုံးစုံ ဖြည့်ဆည်းနိုင်ရန် မြန်မာနိုင်ငံသည် နှစ်စဉ် ရေနံစိမ်း တန်ချိန် အနည်းဆုံး ၈ သန်း ချက်လုပ်ရန် လိုအပ်သည်။ သို့ရာတွင် ပြည်တွင်း၌ လက်ရှိ ရေနံချက်လုပ်နိုင်စွမ်းသည် ယင်းလိုအပ်ချက်၏ ၃ ရာခိုင်နှုန်းခန့်သာ ရှိနေသည်။ ထို့ကြောင့် ရေနံထွက်ပစ္စည်းများနှင့် လေယာဉ်ဆီကို ပြည်ပနိုင်ငံများအပေါ် အလွန်အမင်း မှီခိုနေရဆဲဖြစ်ပြီး ထို့အတွက် နိုင်ငံခြားငွေ အများအပြား လိုအပ်နေသည်။

ရေနံချက်စက်ရုံ ပြန်အသက်သွင်းရန် စစ်အာဏာရှင် အမိန့်ပေး

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် မင်းအောင်လှိုင်သည် နိုင်ငံခြားငွေ သုံးစွဲမှုကို ထိန်းချုပ်ရန်နှင့် ပြည်ပသွင်းကုန်များကို ကန့်သတ်ရန် အစီအမံများ ချမှတ်ခဲ့ပြီး ယခင်အစိုးရများ လက်ထက်က ရပ်ဆိုင်းထားခဲ့သော စက်မှုနှင့် စွမ်းအင် စီမံကိန်းများစွာကို ပြန်လည် အကောင်အထည်ဖော်ရန် အမိန့်ပေးခဲ့သည်။ ထိုစီမံကိန်းများအနက် သန်လျင်ရေနံချက်စက်ရုံသည်လည်း တခုအပါအဝင် ဖြစ်သည်။

အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ကို ဗြိတိသျှကိုလိုနီလက်အောက်ရှိနေစဉ် ၁၉၂၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် စက်ရုံကို အဆင့်ဆင့် တိုးချဲ့ခဲ့သည်။ သို့သော် ရေနံစိမ်းကုန်ကြမ်း လုံလောက်စွာ မရရှိခြင်းနှင့် ထုတ်လုပ်သည့် စက်သုံးဆီသည် အရည်အသွေး မပြည့်မီခြင်းများကြောင့် ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခဲ့သည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် စစ်အာဏာရှင် မင်းအောင်လှိုင်သည် စက်ရုံကို အမြန်ဆုံး ပြန်လည်တည်ဆောက်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် ပြင်ဆင်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး စီမံကိန်းကို အဆင့် ၂ ဆင့်ခွဲ၍ အကောင်အထည်ဖော်ခဲ့သည်။ ပထမအဆင့်တွင် တနှစ်လျှင် ရေနံစိမ်းတန်ချိန် ၅၀၀,၀၀၀ ချက်လုပ်ရန် ဒီဇိုင်းထုတ်ထားသည်။ ဒုတိယအဆင့်ကို ၂၀၂၈ ခုနှစ်တွင် ပြီးစီးရန် လျာထားပြီး စီမံကိန်းပြီးစီးပါက တနှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်းအထိ ချက်လုပ်နိုင်မည်ဟု သိရသည်။

စီမံကိန်း ၂ ဆင့်စလုံး ပြီးစီးပါက မြန်မာနိုင်ငံ၏ စက်သုံးဆီလိုအပ်ချက် စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းနိုင်လိမ့်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

Jet A-1 လေယာဉ်ဆီ ထုတ်လုပ်နိုင်ရေးသည် အဓိက ရည်မှန်းချက်ဖြစ်

စစ်အာဏာရှင်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များတွင် ပြည်တွင်း စက်သုံးဆီဖူလုံရေးဟုသာ ခေါင်းစဉ်တပ်ထားသော်လည်း စီမံကိန်း၏ နည်းပညာဆိုင်ရာ အချက်အလက်များနှင့် တပ်ဆင်ထားသော စက်ကိရိယာများကို DVB က လေ့လာသုံးသပ်ချက်အရ Jet A-1 လေယာဉ်ဆီကို ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးသည် စီမံကိန်း၏ အဓိကရည်မှန်းချက် ဖြစ်နေသည်ကို တွေ့လာရသည်။

Media

ရေနံချက်စက်ရုံ ပထမအဆင့်တွင် Condensate ကတဆင့် လေယာဉ်ဆီ အပါအဝင် စက်သုံးဆီထုတ်လုပ်မည့် လုပ်ငန်းစဉ်ဇယား (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန/DVB)

စီမံကိန်း ပထမအဆင့်တွင် ဇောတိက ကမ်းလွန်လုပ်ကွက်မှ လေဆီ (Condensate) ကို အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုမည်ဟု သိရသည်။ ၎င်း Condensate ကတဆင့် LPG၊ ဓာတ်ဆီ၊ Kerosene နှင့် ဒီဇယ်အဖြစ် ပြုပြင်ထုတ်လုပ်မည် ဖြစ်သည်။ ထို့နောက် Kerosene ကို Hydrotreating နည်းပညာဖြင့် ပြုပြင်ကာ Jet A-1 လေယာဉ်ဆီအဖြစ် ထုတ်လုပ်မည်ဟု ဆိုသည်။ သို့ရာတွင် ထုတ်လုပ်မည့်ဆီသည် နိုင်ငံတကာက သတ်မှတ်ထားသည့် လေယာဉ်ဆီ အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကိုမူ DVB အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်တပ်၏ လောင်စာဆီကွန်ရက်နှင့် ဆက်စပ်နေသော ကုမ္ပဏီအသစ်

ရေနံချက်စက်ရုံစီမံကိန်းကို သန်လျင်ရေနံချက်စက်ရုံ ကုမ္ပဏီလီမိတက် (Thanlyin Refinery Co., Ltd.) နှင့် သန်လျင်ရေနံဓာတုကုမ္ပဏီလီမိတက် (Thanlyin Petrochemical Co., Ltd.) တို့က အဓိက ဦးဆောင်လုပ်ကိုင်နေသည်။ သန်လျင်ရေနံဓာတုကုမ္ပဏီလီမိတက်သည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) ၏ စီးပွားရေးလုပ်ငန်းခွဲ ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အချက်အလက်များအရ သန်လျင်ရေနံချက်စက်ရုံ ကုမ္ပဏီလီမိတက်ကို ပုဂ္ဂလိကကုမ္ပဏီအဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် မှတ်ပုံတင်ခဲ့ပြီး သန်လျင်ရေနံဓာတုကုမ္ပဏီလီမိတက်ကိုမူ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ရှယ်ယာ အကန့်အသတ်ရှိသော ပုဂ္ဂလိကကုမ္ပဏီအဖြစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် မှတ်ပုံတင်ခဲ့ကြောင်း တွေ့ရသည်။

Justice for Myanmar ၏ လေ့လာချက်များအရ သန်လျင်ရေနံဓာတုကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်များတွင် Asia Sun Energy ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာ မြင့်မိုရ်ကျော်ဇင် နှင့် National Energy Prime Aviation Services ကုမ္ပဏီလီမိတက် (NEPAS) ၏ ဒါရိုက်တာဖြစ်သူ ရင်ရင်အောင်တို့ ပါဝင်ကြောင်း တွေ့ရသည်။ Amnesty International နှင့် Justice For Myanmar တို့က Asia Sun Energy နှင့် NEPAS ကုမ္ပဏီ ၂ ခုစလုံးကို စစ်အာဏာရှင်၏ လေယာဉ်ဆီ ထောက်ပံ့ရေးကွန်ရက်တွင် ပါဝင်သူများအဖြစ် ဖော်ထုတ်ထားပြီး ဖြစ်သည်။

ထို့ကြောင့် သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းကို အကောင်အထည်ဖော်နေသည့် ကုမ္ပဏီသည် စစ်တပ်သုံး လေယာဉ်များအတွက် လေယာဉ်ဆီ အဓိက ထောက်ပံ့ပေးနေသည့် ကွန်ရက်နှင့် တိုက်ရိုက်ဆက်စပ်နေသည်မှာ ထင်ရှားသည်။ ထိုဆက်စပ်မှုအရ သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းသည် ပြည်သူလူထုအတွက် စက်သုံးဆီ ဖြည့်ဆည်းနိုင်ရေး ရည်ရွယ်ချက်သာ မဟုတ်နိုင်ကြောင်းကို ညွှန်ပြနေသည်။

စင်ကာပူတွင် မှတ်ပုံတင်ထားသည့် တရုတ် ကန်ထရိုက်တာ

စီမံကိန်း၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ၊ စက်ပစ္စည်းအစိတ်အပိုင်းဝယ်ယူရေး၊ ဆောက်လုပ်ရေး၊ လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး (EPC-OM) စာချုပ်ကို Peiyang Chemical Engineering Service Corporation Pte. Ltd. (PCCS) အား ပေးအပ်ခဲ့သည်။ PCCS ကုမ္ပဏီကို စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားပြီး မိခင်ကုမ္ပဏီမှာ တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် အခြေစိုက်သည့် Peiyang Chemical Equipment Co., Ltd. ဖြစ်သည်။

ကုမ္ပဏီ၏ ကြေညာချက်များအရ PCCS သည် စီမံကိန်း၏ အဓိက အစိတ်အပိုင်း ၂ ခုကို တာဝန်ယူထားသည်။ ပထမတခုမှာ Condensate နှင့် အခြားကုန်ကြမ်းများကို ရေနံထွက်ပစ္စည်း အမျိုးမျိုးအဖြစ် ခွဲထုတ်ပေးသည့် Atmospheric Distillation Unit (ADU) ဖြစ်သည်။ ဒုတိယတခုမှာ Jet A-1 လေယာဉ်ဆီ ထုတ်လုပ်ပေးမည့် Jet Fuel Refining Unit ဖြစ်သည်။

DVB အနေဖြင့် စီမံကိန်းတွင် ပါဝင်ပတ်သက်နေသည့် မြင့်မိုရ်ကျော်ဇင်၊ ရင်ရင်အောင်နှင့် PCCS ကုမ္ပဏီတို့ကို စီမံကိန်းအကြောင်းမေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း သတင်းရေးသားချိန်အထိ တစုံတရာ အကြောင်းပြန်ခြင်း မရှိပါ။

Media

တီယန်ကျင်းရှိ စက်ရုံတွင် Jet A-1 လေယာဉ်ဆီထုတ်လုပ်မည့် အစိတ်အပိုင်းများအား ပို့ဆောင်ရန် ပြင်ဆင်နေပုံကို တွေ့ရစဉ် (PCCS)

တီယန်ကျင်းမှ သီလဝါသို့ ပေးပို့သော စက်ပစ္စည်းအစိတ်အပိုင်းများ

သန်လျင်ရေနံချက်စက်ရုံသည် စက်ပစ္စည်းအစိတ်အပိုင်းများကို ရွှေ့ပြောင်းတပ်ဆင်နိုင်သည့် Modular စက်ရုံအမျိုးအစား ဖြစ်သည်။ ရေနံချက်လုပ်သည့် အစိတ်အပိုင်းများနှင့် Jet A-1 ယူနစ်အတွက် အဓိက စက်ကိရိယာများကို တရုတ်နိုင်ငံ တီယန်ကျင်းမြို့ရှိ PCCS ၏ စက်ရုံတွင် ထုတ်လုပ်ပြီးမှ မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

PCCS က ထုတ်ပြန်သော ဓာတ်ပုံများနှင့် အချက်အလက်များအရ Jet A-1 ထုတ်လုပ်ရေးယူနစ်အတွက် အစိတ်အပိုင်းများကို ၂၀၂၅ ခုနှစ် အောက်တိုဘာလလယ်ခန့်တွင် တီယန်ကျင်းဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့သည်ကို တွေ့ရသည်။ DVB သည် ကုမ္ပဏီ၏ ထုတ်ပြန်ချက်များနှင့် သင်္ဘောသွားလာမှု မှတ်တမ်းများကို စစ်ဆေးခဲ့ရာ စက်ကိရိယာများကို Jin Hai Zhong ဟု အမည်ရှိသော တရုတ်ကုန်တင်သင်္ဘောဖြင့် သယ်ဆောင်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ယင်းသင်္ဘောသည် တီယန်ကျင်းဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့တွင် ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကာ ကုန်တင်၊ ကုန်ချ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ မှတ်တမ်းတွင် တွေ့ရသည်။

Media

Jin Hai Zhong အမည်ရှိ တရုတ်ကုန်တင်သင်္ဘောဖြင့် Jet A-1 လေယာဉ်ဆီထုတ်လုပ်မည့် အစိတ်အပိုင်းများအား မြန်မာသို့ တင်ပို့ခဲ့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကုန်အတင်အချ မှတ်တမ်းများအရ သင်္ဘောသည် သီလဝါဆိပ်ကမ်းသို့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ဆိုက်ကပ်ခဲ့သည်ကို တွေ့ရသည် (PCCS/မြန်မာ့ဆိပ်ကမ်းအာဏာပိုင်/DVB)

၂၀၂၆ အောက်တိုဘာလတွင် Jet A-1 လေယာဉ်ဆီ စတင်ထုတ်လုပ်မည်

စက်ကိရိယာများ ရောက်ရှိပြီးနောက် တပ်ဆင်မှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြရာ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ သိရှိရသော စီမံကိန်းအချက်အလက်များအရ စက်ရုံတွင် Atmospheric Distillation Unit (ADU)၊ Jet A-1 ထုတ်လုပ်ရေးယူနစ် (Unit 202) နှင့် အခြားယူနစ်များ တပ်ဆင်မှု ပြီးစီးသွားပြီ ဖြစ်သည်။

မူလက ပထမအဆင့်ကို ၂၀၂၅ နှစ်ကုန်တွင် ပြီးစီးရန် စီစဉ်ထားသော်လည်း နှောင့်နှေးမှုများကြောင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ရွှေ့ဆိုင်းခဲ့ရသည်။ ပြန်လည်ပြင်ဆင်ထားသော အချိန်ဇယားအရ စက်ရုံသည် စက်တင်ဘာလတွင် ဓာတ်ဆီ၊ Kerosene နှင့် ဒီဇယ်ကို စတင်ထုတ်လုပ်မည်ဖြစ်ပြီး အောက်တိုဘာလတွင် Jet A-1 လေယာဉ်ဆီကို စတင်ထုတ်လုပ်မည် ဖြစ်သည်။

Media

စက်ရုံအား Pile ရိုက်သွင်းမည့် အစီအစဉ်ပုံကြမ်းတွင် ပြထားသည့် Jet-A1 လေယာဉ်ဆီထုတ်လုပ်မည့် စက်ရုံအစိတ်အပိုင်း (Unit 202) ကို ဂြိုဟ်တုဓာတ်ပုံအရ မြင်ရပုံ (Apple Maps/လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန/DVB)

PCCS ၏ အဆိုအရ ပထမအဆင့်တွင် နှစ်စဉ် Jet A-1 လေယာဉ်ဆီတန်ချိန် ၁၅၀,၀၀၀ ထုတ်လုပ်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ အဆင့် ၂ ဆင့်လုံး ပြီးစီးပါက နှစ်စဉ် Jet A-1 ထုတ်လုပ်မှု စုစုပေါင်းသည် တန် ၂၅၀,၀၀၀ နီးပါးအထိ ရောက်ရှိလာမည်ဖြစ်သည်။

စီမံကိန်း အချက်အလက်များအရ ဒုတိယအဆင့်တွင် လေယာဉ်ဆီထက် RON 92၊ RON 95 အရည်အသွေးမြင့်ဓာတ်ဆီနှင့် ပရီမီယံဒီဇယ်ဆီကို အဓိကထုတ်လုပ်ရန် ရည်ရွယ်ထားသည်။ သို့ရာတွင် စက်ရုံကထုတ်လုပ်မည့် လေယာဉ်ဆီပမာဏသည် မြန်မာနိုင်ငံ၏ ပြည်တွင်း လေယာဉ်ဆီ လိုအပ်ချက်ကို အလုံးစုံဖြည့်ဆည်းနိုင်မည်ဟု စီမံကိန်း အချက်အလက်များက ဆိုထားသော်လည်း DVB အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

Media

ရေနံချက်စက်ရုံ ဒုတိယအဆင့်တွင် ရေနံစိမ်းကတဆင့် လေယာဉ်ဆီ အပါအဝင် အရည်အသွေးမြင့် စက်သုံးဆီ ထုတ်လုပ်မည့် လုပ်ငန်းစဉ်ဇယား (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန/DVB)

စီမံကိန်း ဒုတိယအဆင့်အတွက် တရုတ်ကုမ္ပဏီတခုဖြစ်သည့် Shanghai Hanxing Energy နှင့် ဆွေးနွေးနေပြီး ရေနံစိမ်းကို ကုန်ကြမ်းအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။ စက်ရုံပြီးစီးပါက နှစ်စဉ် ရေနံစိမ်း တန်ချိန် ၃ သန်းအထိ ချက်လုပ်နိုင်ရန် စီစဉ်ထားသည်။

လေယာဉ်ဆီများ သယ်ယူနိုင်ရန် ဗျူဟာမြောက် စီမံထားခြင်း

စီမံကိန်းတွင် လေယာဉ်ဆီ ထုတ်လုပ်ခြင်းသာမက ထွက်ရှိလာသည့် ဆီကို သိုလှောင်ခြင်း၊ ပို့ဆောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့အတွက် အခြေခံအဆောက်အအုံများ ရှိရန်လည်း လိုအပ်လာသည်။ စီမံကိန်းအချက်အလက်များအရ သန်လျင်ရေနံချက်စက်ရုံမှ သီလဝါရှိ သိုလှောင်ရုံများသို့ လေယာဉ်ဆီနှင့် အခြားရေနံထွက်ပစ္စည်းများ ပို့ဆောင်နိုင်ရန် ပိုက်လိုင်းအသစ်များ တပ်ဆင်ခဲ့ပြီး စက်ရုံနှင့် သိုလှောင်ရုံများကြား ချိတ်ဆက်ထားသည့် ကားလမ်းအသစ်တခုကိုလည်း ထပ်မံဖောက်လုပ်ခဲ့သည်။ ထို့အပြင် လိုအပ်ပါက လေယာဉ်ဆီကို သင်္ဘောများဖြင့်ပါ သယ်ယူနိုင်ရန် ဆိပ်ကမ်းတခုကို ပြင်ဆင်ထားပြီး အရန်ပိုက်လိုင်းတခုကိုလည်း တပ်ဆင်ထားသည်ကို တွေ့ရသည်။

Media

သန်လျင်ရေနံချက်စက်ရုံမှ သီလဝါရှိ ဆီလှောင်ကန်များသို့ ပိုက်လိုင်းများ သွယ်တန်းထားမှု မြေပုံ၊ လိုအပ်ပါက ဆီတင်သင်္ဘောများဖြင့်ပါ သယ်ယူနိုင်ရန် အရန်ပိုက်လိုင်းကိုလည်း ဆိပ်ကမ်းတခုနှင့် ချိတ်ဆက်ထားသည် (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန/DVB)

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုစဉ်က စစ်အာဏာရှင်ခန့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ (ယခု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအဖြစ် ပေါင်းစည်းထားသည်) ဦးကိုကိုလွင်သည် သန်လျင်ရေနံချက်စက်ရုံနှင့် သီလဝါဆိပ်ကမ်းကို ချိတ်ဆက်ထားသည့် Myan-Oil Terminal ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ဤမှတ်တမ်းများသည် စက်ရုံမှ ထုတ်လုပ်ထားသည့် ဆီများကို သိုလှောင်၊ ပို့ဆောင်၊ ဖြန့်ဖြူးရန် စနစ်တခု တည်ဆောက်နေကြောင်း နောက်ထပ် သက်သေအထောက်အထား ဖြစ်သည်။

CNPC နှင့် Centerway Steel တို့၏ ပါဝင်မှု

DVB ၏ ထပ်မံလေ့လာမှုများအရ တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီကြီးဖြစ်သော China National Petroleum Corporation (CNPC) ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် China Petroleum Pipeline Engineering Co., Ltd. သည်လည်း စက်ရုံအတွင်းရှိ ဆီသိုလှောင်ကန်များ ပြုပြင်ဆောက်လုပ်ခြင်းနှင့် ပိုက်လိုင်းများ တပ်ဆင်ခြင်းတို့တွင် ပါဝင်နေကြောင်း တွေ့လာရသည်။ ယင်းလုပ်ငန်းတွင် အသုံးပြုသော သံပိုက်များကို တရုတ်ကုမ္ပဏီ Centerway Steel Co., Ltd. က ထောက်ပံ့ပေးခဲ့ကြောင်းလည်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် တရုတ်ကုမ္ပဏီများသည် စက်ရုံဒီဇိုင်း၊ စက်ကိရိယာထုတ်လုပ်ရေး၊ သိုလှောင်ကန်များ၊ ပိုက်လိုင်းများနှင့် ဖြန့်ဖြူးရေး အခြေခံအဆောက်အအုံ စသည့် စီမံကိန်း၏ အဆင့် အားလုံးနီးပါးတွင် ပါဝင်နေကြောင်း မှတ်တမ်းများက ပြသနေသည်။

တရုတ်ပံ့ပိုးပေးနေသော ဒုတိယမြောက် ရေနံချက်စက်ရုံ

စစ်အာဏာရှင်အစိုးရသည် ရုရှား၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ရှိသော်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စွမ်းအင်စီမံကိန်းများစွာတွင် အဓိကကျသည့်နိုင်ငံ ဖြစ်သည်။

စစ်အာဏာရှင်အစိုးရဖော်ဆောင်နေသော ရေနံချက်စက်ရုံ စီမံကိန်းများတွင် သန်လျင်တခုတည်းသာ မဟုတ်ဘဲ နောက်ထပ်စီမံကိန်းတခု ရှိနေသည်။ နှစ်စဉ် ရေနံစိမ်းတန်ချိန် ၂ သန်းအထိ ချက်လုပ်နိုင်မည့် မန်းသံပရာကန် ရေနံချက်စက်ရုံဖြစ်သည်။ မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံဓာတုစက်ရုံစု (သံပရာကန်) တွင် ဆောက်လုပ်မည်ဖြစ်ပြီး တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တဆင့် ရေနံစိမ်းများကို အသုံးပြုကာ ချက်လုပ်နိုင်ရန် မျှော်မှန်းထားသည်။ ဤစီမံကိန်းကို CNPC နှင့် ဆက်စပ်နေသော Sino-Pipeline International (SPI) က ဦးဆောင်လုပ်ဆောင်နေသည်။

သန်လျင်နှင့် သံပရာကန် စီမံကိန်း ၂ ခုစလုံး အပြည့်အဝ လုပ်ငန်းလည်ပတ်နိုင်ပါက စစ်အာဏာရှင် အစိုးရသည် ပြည်ပမှ တိုက်ရိုက်တင်သွင်းနေရသော ရေနံထွက်ပစ္စည်းနှင့် လေယာဉ်ဆီပမာဏကို သိသိသာသာ လျှော့ချနိုင်သွားမည် ဖြစ်သည်။

“စစ်ရေးပစ်မှတ်တခု” ဟု Justice for Myanmar သတိပေး

Justice for Myanmar သည် သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းတွင် တရုတ်ကုမ္ပဏီများ ပါဝင်ပတ်သက်နေမှုကို ရှုတ်ချထားပြီး စီမံကိန်းသည် စစ်အာဏာရှင်၏ ပြည်တွင်း လေယာဉ်ဆီ ချက်လုပ်နိုင်စွမ်းကို တိုးချဲ့ပေးနိုင်သည့် အန္တရာယ်ရှိကြောင်း ဆိုသည်။ ဤစီမံကိန်းက မြန်မာပြည်သူများအပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နိုင်စေမည်ဖြစ်ပြီး ယင်းတိုက်ခိုက်မှုများသည် ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးဆိုင်ရာ နေရာများနှင့် နေထိုင်ရာဒေသများကို ထပ်ခါထပ်ခါ ပစ်မှတ်ထားနေခဲ့ကြောင်း အဖွဲ့က ဆိုသည်။

စီမံကိန်းကို ထောက်ပံ့နေသည့် တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာစစ်တပ်က လေယာဉ်ဆီကို စစ်ဆင်ရေးများတွင် ပုံမှန်အသုံးပြုနေကြောင်း သိရှိထားသင့်ပြီး ကုမ္ပဏီများသည် လေကြောင်းတိုက်ခိုက်မှုများ၏ နောက်ဆက်တွဲ ရလဒ်များအတွက် တာဝန်မှ ရှောင်ရှားနိုင်မည် မဟုတ်ကြောင်း အဖွဲ့က ဆိုသည်။ စစ်အာဏာရှင်လက်ထဲရှိ လေယာဉ်ဆီသည် “မရဏကုန်စည်” တခု ဖြစ်ကြောင်း ထပ်ခါထပ်ခါ သက်သေပြခဲ့ပြီးပြီဟုလည်း ဆိုသည်။ Justice For Myanmar သည် နိုင်ငံတကာအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) ကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ရန်နှင့် လေယာဉ်ဆီထောက်ပံ့မှုကို တားမြစ်ရန် အပါအဝင် စစ်တပ်၏ ဆီထောက်ပံ့ရေးကွန်ရက်အပေါ် အလုံးစုံ ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တောင်းဆိုထားသည်။

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာနေရာများနှင့် ဖြစ်စဥ် မှတ်တမ်းများပြုစုရေးအဖွဲ့ (ACLED) ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် စစ်တပ်၏ လေယာဉ်များအသုံးပြု၍ လေကြောင်းက တိုက်ခိုက်မှုဖြစ်စဉ်သည် ၂,၁၂၁ ကြိမ်အထိ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၂၁ ရာခိုင်နှုန်း တိုးမြင့်လာခြင်း ဖြစ်သည်။ DVB ၏ စောင့်ကြည့်လေ့လာမှုအရ စစ်တပ်သည် လက်ရှိတွင် ပစ်မှတ်တခုကို လေယာဉ်တစင်းတည်းဖြင့် တိုက်ခိုက်မည့်အစား လေယာဉ် ၂ စင်း သို့မဟုတ် ထိုထက်ပိုသည့် လေယာဉ်များဖြင့် ညှိနှိုင်း ဗုံးကြဲတိုက်ခိုက်သည့်ပုံစံကို ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရသည်။ ၎င်းက လေယာဉ်ဆီ သုံးစွဲမှု ပိုမိုတိုးလာစေမည် ဖြစ်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး လက်ရှိ တော်လှန်ရေးနယ်မြေများတွင် Mobile Medical Team တခုဖွဲ့၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ကထိကဆရာမဖြစ်သူ ဒေါ်ရတီအုန်းက “ပြည်ပက လေယာဉ်ဆီကို ဝယ်သွင်းနေရတာတောင်မှ ဒီလောက် လေကြောင်းတိုက်ခိုက်နေတာ၊ အခုလို သူတို့ကိုယ်တိုင် ထုတ်လာပြီဆိုရင်တော့ ဘယ်လောက်တောင် အခြေအနေက ဆိုးလာမလဲပေါ့နော်။ အခုလည်း တောက်လျှောက်လိုကို လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ အရပ်သားပြည်သူတွေ သေကျေပျက်စီးမှုရှိတယ်၊ ထိခိုက်ဒဏ်ရာရကြတယ်” ဟု ဆိုသည်။

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရသော ဝါဆိုလပြည့်ကာလ ဥပုသ်သီတင်းသီလများနှင့် ဘာသာရေးအခမ်းအနားများ ကျင်းပနေသည့် လက်ရှိအချိန်တွင်ပင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ သင်္ကန်းကပ်လှူပွဲ ကျင်းပနေစဉ် ဗုံးကြဲတိုက်ခိုက်ခံရ၍ သံဃာတော်များ ပျံလွန်တော်မူခဲ့ရကြောင်း ဒေါ်ရတီအုန်းက မြေပြင်အခြေအနေကို ထောက်ပြသည်။

“ဒါ့ကြောင့်မို့လို့ အခုတောင် ဒီလောက်ဆိုးနေတာ၊ လေယာဉ်ဆီ သူတို့ကိုယ်တိုင်သာ ထုတ်တယ်ဆိုလို့ရှိရင် သူတို့ရဲ့ ရက်စက်ယုတ်မာမှုက ပိုပြီးတော့ ဆိုးရွားလာမယ်၊ ပြည်သူတွေအပေါ်မှာ ပိုပြီးမှ ခြိမ်းခြောက်မှုရှိလာမယ်လို့ ကျမထင်တယ်” ဟု ၎င်းက ပြောသည်။

စွမ်းအင်အဆောက်အအုံမှ မဟာဗျူဟာမြောက် စစ်ရေးအခြေခံအဆောက်အအုံသို့

မြန်မာစစ်တပ်၏ လေကြောင်းစစ်ဆင်ရေးများသည် ပြည်ပမှ တင်သွင်းရသည့် Jet A-1 လေယာဉ်ဆီအပေါ် အလွန်အမင်း မှီခိုနေရဆဲ ဖြစ်သည်။ သန်လျင် စီမံကိန်းသည် စီစဉ်ထားသည့်အတိုင်း လုပ်ငန်းလည်ပတ်နိုင်ပြီး ပြည်တွင်း လိုအပ်ချက် အများစု သို့မဟုတ် အလုံးစုံကို ဖြည့်ဆည်းနိုင်ပါက စစ်အာဏာရှင်သည် ၎င်း၏ လေယာဉ်ဆီ ထောက်ပံ့ပို့ဆောင်ရေးအပေါ် နိုင်ငံတကာက ကန့်သတ်နေမှုများကို လျော့ချနိုင်လိမ့်မည်ဖြစ်ပြီး ဤစက်ရုံသည် အရပ်ဘက်သုံး စွမ်းအင်အဆောက်အအုံထက် ပိုသော အရာတခု ဖြစ်လာနိုင်သည်။ ၎င်းသည် စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးများကို ကာလရှည်ကြာစွာ ထောက်ပံ့ပေးနိုင်သည့် မဟာဗျူဟာမြောက် အရင်းအမြစ်တခုလည်း ဖြစ်လာနိုင်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်အာဏာရှင်၏ ထောက်ပံ့ပို့ဆောင်ရေး အရင်းအမြစ်များသည် စစ်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အဓိကအထောက်အပံ့ ပေးနေသောကြောင့် စစ်ရေးပစ်မှတ်များ ဖြစ်ကြောင်း ပြောဆိုထားသည်။

“အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ အရင်းအမြစ်မှန်သမျှသည် စစ်ရာဇဝတ်မှု ကျူးလွန်ရာတွင် အဓိကအထောက်အပံ့ ဖြစ်သောကြောင့် စစ်ရေးပစ်မှတ်များ ဖြစ်သည်” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက DVB အားပြောကြားခဲ့ပြီး မိမိတို့ လုပ်နိုင်သမျှသော ဘောင်ထဲမှ ထိုထောက်ပံ့ပို့ဆောင်ရေးကွန်ရက်များကို ဖြတ်တောက်နိုင်ရန် လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောဆိုသည်။

တရုတ်၏ နည်းပညာ၊ စက်ကိရိယာနှင့် အခြေခံအဆောက်အအုံများ ထောက်ပံ့ပေးထားသော သန်လျင်ရေနံချက်စက်ရုံသည် ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် Jet A-1 လေယာဉ်ဆီ စတင် ထုတ်လုပ်တော့မည်ဖြစ်သည်။ စီမံကိန်းသည် သတ်မှတ်ချိန်အတိုင်း လုပ်ငန်း လည်ပတ်နိုင်မည်လား၊ ထုတ်လုပ်မည့်ဆီသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမည်လား၊ သို့မဟုတ် ထုတ်လုပ်မှုကို အရပ်ဘက်နှင့် စစ်ဘက်သုံးစွဲမှုအကြား မည်သို့ ခွဲဝေမည်နည်း စသည်တို့ကို DVB အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သို့သော်လည်း ရရှိထားသော ကုမ္ပဏီမှတ်တမ်းများ၊ စက်ကိရိယာ ပို့ဆောင်မှုများ၊ ဆောက်လုပ်ရေးဆိုင်ရာ အချက်အလက်များနှင့် သိုလှောင်ရေး၊ ဖြန့်ဖြူးရေး အခြေခံအဆောက်အအုံ တိုးချဲ့မှုများအရ စစ်အာဏာရှင်သည် ၎င်း၏ အဓိက အားနည်းချက်တခုဖြစ်သော သွင်းကုန်လေယာဉ်ဆီအပေါ် မှီခိုနေရမှုကို ကျော်လွှားနိုင်ရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ညွှန်ပြနေသည်။

အာလမ္ဗရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013