
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့မှာ ၅ ရက်ကြာ မေဒေးအားလပ်ရက်အတွင်း ယာဉ်ကြောထိန်းသိမ်းဖို့အတွက် နိုင်ငံရဲ့ ပထမဆုံး စက်ရုပ်ယာဉ်ထိန်း အထူးရဲတပ်ဖွဲ့ကို သောကြာနေ့က စတင် တာဝန်ချခဲ့ပါတယ်။
ဒီစက်ရုပ် ယာဉ်ထိန်းရဲအဖွဲ့မှာ ဉာဏ်ရည်မြင့် ယာဉ်ထိန်းစက်ရုပ် ၁၅ ကောင် ပါဝင်ပြီး လူစည်ကားတဲ့ နေရာတွေမှာ ပုံမှန် လှည့်ကင်းတာဝန် ဆောင်ရွက်နေပါတယ်။
ဒီစက်ရုပ်တွေဟာ လမ်းဆုံအသီးသီးရဲ့ အခြေအနေနဲ့ လုပ်ငန်းလိုအပ်ချက်အလိုက် မူတည်ပြီး တာဝန်ကျ ယာဉ်ထိန်းရဲတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ကာ “လူနဲ့ စက် အားသာချက်ချင်း ဖြည့်ဆည်းပေးတဲ့ တာဝန်ထမ်းဆောင်မှု ပုံစံအသစ်တခုလို့ ဆိုပါတယ်။
မေဒေး အားလပ်ရက်အတွင်း ဒီစက်ရုပ်တွေကို ဟန်ကျိုးမြို့အဓိကဧရိယာတွေ၊ ဝက်စ်လိတ်ခ် အနီး၊ ဟူပင်း စီးပွားရေးဇုန်၊ ဝူးလင်း စီးပွားရေးဇုန်နဲ့ လူသွားလူလာ၊ ယာဉ်သွားယာဉ်လာ များတဲ့ နေရာတွေမှာ အဓိက အသုံးပြုနေတယ်လို့ ဟန်ကျိုး ယာဉ်ထိန်းစီမံခန့်ခွဲရေးတပ်ဖွဲ့၊ ဝူးလင်းတပ်ခွဲ ဒုတပ်ခွဲမှူး ချန်စန်းချွမ်း က ပြောပါတယ်။
“ဒီစက်ရုပ်တွေဟာ စီမံခန့်ခွဲရေးနဲ့ ဝန်ဆောင်မှုပိုင်း တာဝန်တွေမှာ အသုံးဝင်ပါတယ်။ အရင်ကဆို ပြည်သူတွေက လမ်းလာမေးတာတို့၊ စည်းကမ်းချက်တွေ လာစုံစမ်းတာတို့အတွက် ရဲတွေကိုပဲ လာမေးကြတာပါ။ အခုတော့ စက်ရုပ်တွေကပဲ သေချာဖြေပေးနိုင်နေပါပြီ။”
ဒါ့အပြင် ဒီစက်ရုပ်တွေမှာ “တချက်နှိပ် အရေးပေါ်အချက်ပေး” စနစ်လည်း ပါရှိပြီး ကွပ်ကဲမှုစနစ်နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာကြောင့် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြေရှင်းဖို့ ရဲဝန်ထမ်းတွေကို ချက်ချင်း စေလွှတ်နိုင်တယ်လို့ ဆိုပါတယ်။
“ဒီနှစ် မေဒေးအားလပ်ရက်ဟာ အရင်နှစ်တွေထက် ပိုစည်ကားပြီး လူနဲ့ကား အသွားအလာလည်း သိသိသာသာ ပိုများပါတယ်။ အခုလို စက်ရုပ်တွေကို အသုံးပြုနိုင်တဲ့အတွက် အကန့်အသတ်ရှိတဲ့ လူသား ရဲတပ်ဖွဲ့ဝင်အင်အားကို ယာဉ်စည်းကမ်း အရေးယူတာနဲ့ မတော်တဆမှု စစ်ဆေးတာလိုမျိုး လူကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်ရမဲ့ အရေးကြီးလုပ်ငန်းတွေမှာ ပိုပြီး အာရုံစိုက် ခွဲဝေသုံးစွဲလာနိုင်ပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။
Source: Reuters










