
ဝန်ထမ်းမဲ့ ကော်ဖီဆိုင်တွေ၊ ရာမဲန်စားသောက်ဆိုင်တွေနဲ့ ပန်းဆိုင်တွေ တောင်ကိုရီးယားနိုင်ငံ တဝန်းမှာ ပျံ့နှံ့လာနေပါတယ်။
ဖောက်သည်တွေရဲ့ ကျယ်ပြန့်တဲ့ ရိုးသားမှုအပေါ် မှီခိုနေရတဲ့ စီးပွားရေးပုံစံအတွင်း အလုပ်သမား ကုန်ကျစရိတ်တွေ မြင့်တက်လာတာကို ကျော်လွှားဖို့ စက်ရုပ်တွေနဲ့ ကိုယ်တိုင်ယူစနစ် ဝန်ဆောင်မှု လုပ်ငန်းတွေဆီ ဆိုင်ပိုင်ရှင်တွေက ပြောင်းလဲလာကြပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းမှာ တနိုင်ငံလုံးမှာ ၂၄ နာရီဖွင့်တဲ့ ဆိုင်ပေါင်း ၉,၀၀၀ လောက်ရှိမယ်လို့ အမျိုးသား မီးသတ်အေဂျင်စီက ခန့်မှန်း ပြောဆိုပါတယ်။
ဆိုင်အရေအတွက်က ၂၀၂၀ ကနေ ၂၀၂၅ ခုနှစ်အတွင်း ၄ ဆတိုးလာတယ်လို့ ငွေပေးချေမှုကို ပံ့ပိုးပေးသူ Samsung Card က ပြောပါတယ်။
“ကော်ဖီဆိုင်လုပ်ငန်းက ကော်ဖီအဖျော်ဆရာတွေကို လုပ်ခအများကြီး ပေးချေဖို့ မတတ်နိုင်ဘူး” လို့ Lounge X ကော်ဖီဆိုင် လုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိချုပ် ကင်မ်ဒုံဂျင်းက ပြောပါတယ်။
“Baris” လို့ နာမည်ပေးထားတဲ့ စက်ရုပ်လက်တံက အမေရိကာနိုနဲ့ မတ်ချာလာတေး စက္ကူခွက်တွေ ကို ဆိုင်ထဲကနေ မှာယူသူတွေအတွက် ဖြည့်ဆည်းဖို့ ဆောင်ရွက်ပါတယ်။
သူ့ကုမ္ပဏီက တောင်ကိုရီးယားတဝန်းမှာ ဝန်ထမ်းမဲ့ ၂၄ နာရီကော်ဖီဆိုင် ၈ ဆိုင်ကို ဖွင့်လှစ်ထားပြီး အများစုက မြို့တော်ဆိုးလ်မှာ ဖွင့်ထားတာပါ။
လူသားဝန်ထမ်းတွေက နောက်ထပ် ၄ ဆိုင်မှာ ကော်ဖီအဖျော်ယမကာတွေကို ပြင်ဆင်ပေးပါတယ်။ ဝန်ထမ်းမပါတဲ့ စတိုးဆိုင်တွေဟာ ကမ္ဘာတဝန်းမှာ ရှားပါးတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
ဗြိတိန်နဲ့ အမေရိကန်လိုနိုင်ငံတွေမှာ ငွေကိုင်မပါတဲ့ ကုန်စုံဆိုင်တွေ ရှိပေမဲ့ ဒီအယူအဆဟာ တောင်ကိုရီးယားမှာ ပိုမိုကျယ်ပြန့်လာပြီး အိမ်မွေးတိရစ္ဆာန်ပစ္စည်းဆိုင်တွေနဲ့ အဝတ်အထည်ဆိုင် တွေကိုပါ လွှမ်းခြုံလာပါတယ်။
ဒီလိုစတိုးဆိုင်ပိုင်ရှင်တွေက ဒီပုံစံကို လက်ခံကျင့်သုံးရတဲ့ အကြောင်းရင်းတွေအဖြစ် သင့်တော်တဲ့ ဝန်ထမ်းရှာဖွေရာမှာ အခက်အခဲတွေနဲ့ လုပ်ခလစာ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကို ထောက်ပြကြပါတယ်။
အထူးသဖြင့် တောင်ကိုရီးယားမှာ ဖောက်သည်တွေဟာ ယေဘုယျအားဖြင့် စည်းကမ်း လိုက်နာကြ တာကြောင့်လည်း ဒီစနစ်က အောင်မြင်နေတာပါ။
တောင်ကိုရီးယားမှာ သက်ကြီးလူဦးရေ အလျင်အမြန် မြင့်တက်လာနေပြီး ကမ္ဘာပေါ်မှာ မွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်တာကြောင့် အလုပ်သမား ရှားပါးနေပါတယ်။
အစိုးရအနေနဲ့ လူဦးရေ ၅၁ ဒသမ ၈ သန်းဟာ ၂၀၇၂ ခုနှစ်မှာ သုံးပုံတပုံနီးပါး လျော့ကျပြီး ၃၆ ဒသမ ၂ သန်းအထိ ရှိမယ်လို့ မျှော်လင့်ထားပါတယ်။
သူတို့ဟာ ဆိုင်တဆိုင်စီမှာ အဖျော်ဆရာ တယောက် ဒါမှမဟုတ် နှစ်ယောက်ကို ခန့်အပ်တဲ့ ကပြား ပုံစံနဲ့ စမ်းသပ်ခဲ့ပါတယ်။
အခုဆိုရင် ဆိုင်တဆိုင်စီမှာ ကော်ဖီစေ့နဲ့ မုန့်ဖုတ်ပစ္စည်းတွေလိုမျိုး ကုန်ပစ္စည်းတွေကို ဖြည့်တင်းဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့ လူသားအလုပ်သမားတယောက်က မနက်ခင်းမှာ တနာရီကြာ လာအလုပ်လုပ်ဖို့ လိုအပ်ပါတယ်။
လူသားဝန်ထမ်းတွေရှိတဲ့ ကော်ဖီဆိုင်တဆိုင်မှာ ရောင်းအားက ပိုများနေပါသေးတယ်။ ဒါပေမဲ့ အလုပ်သမားခ သက်သာတာက ဝန်ထမ်းမဲ့ဆိုင်တဆိုင်ချင်းစီရဲ့ အကျိုးအမြတ်ကို ၄၀ ရာခိုင်နှုန်း ကျော်အထိ မြှင့်တင်ပေးပြီး သမားရိုးကျဈေးနဲ့ဆိုရင် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ကင်မ်က ပြောခဲ့ပါတယ်။
Source: Reuters










