
စစ်တပ် အာဏာသိမ်းပြီးနောက် စာသင်ကျောင်းနဲ့ ဝေးကွာခဲ့ရတဲ့ အခြေခံပညာ မူလတန်းနဲ့ အလယ်တန်း ကျောင်းသား၊ ကျောင်းသူတွေ ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး ကျောင်းဆက်တက်ဖို့ စစ်အာဏာရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက မေ ၂၀ ရက်က ဖိတ်ခေါ်ခဲ့တယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
ကျောင်းနဲ့ဝေးကွာပြီး ကျောင်းပြင်ပရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိအသက်အရွယ်နဲ့ ကိုက်ညီတဲ့ အတန်းထက် တဆင့်နိမ့်အတန်းကို ဝင်ခွင့်ဖြေဆိုရမှာဖြစ်ပြီး၊ အောင်မြင်ပါက ဒီနှစ် ကျောင်းဖွင့်ရာသီမှာ ကျောင်းတက်ရမှာလို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
“အာဏာသိမ်းပြီးတော့ အိမ်ကသားက ၅ တန်းနဲ့ ကျောင်းဆက်မတက်တော့တာ။ ပုံမှန် ကျောင်းတက်မယ်ဆိုရင် ၉ တန်း၊ သူက အခုကျောင်းပြန်တက်မယ်ဆိုရင် ၈ တန်းစာမေးပွဲ ဖြေရမယ်။ တကယ်လို့ အောင်ခဲ့ရင် ၉ တန်း တက်ရမယ်၊ ကျသွားရင်တော့ ၈ တန်းပဲ တက်ရမယ်။”
ကျောင်းပြန်တက်ချင်သူတွေအနေနဲ့ ရပ်ကွက်ထောက်ခံစာ၊ ကျောင်းထောက်ခံစာ၊ မွေးစာရင်း၊ ကျန်းမာရေးထောက်ခံစာတို့နဲ့အတူ ဝင်ခွင့်ဖြေဆိုဖို့အတွက် မြို့နယ်ပညာရေးမှူးရုံးမှာ လျှောက်ထားရမှာ ဖြစ်တယ်လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
“ထောက်ခံစာတွေ အကုန်စုံလင်မှ မြို့နယ်မှာ ဖောင်ထုတ်လို့ရမှာ။ လက်ရှိ လောလောဆယ် ပညာရေးမှူးရုံးက မထုတ်ပေးသေးဘူး၊ ၆ လပိုင်း ၅ ရက်နေ့မှ ထုတ်ပေးမှာလို့ ပြောတယ်။”
ကျောင်းသား၊ ကျောင်းသူ အားလုံးကို ခေါ်ယူတာမဟုတ်ဘဲ၊ အသက် ၇ နှစ်ကနေ အသက် ၁၅ နှစ်ကြားမှာရှိတဲ့ မူလတန်း Grade 2 မှ Grade 5 နဲ့ အလယ်တန်း Grade 6 မှ Grade 9 အထိကိုပဲ ခေါ်ယူတာလို့ ပညာရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ကျောင်းသားအားလုံးကို ကျောင်းပြန်တက်ခိုင်းတာ မဟုတ်ပါဘူး။ မူလတန်းနဲ့ အလယ်တန်းအဆင့်ပဲ Placement Test ဖြေပြီး ပြန်တက်ခိုင်းတာပါ။ ဖြေချင်တဲ့သူတွေက မြို့နယ်ပညာရေးမှူးရုံးမှာ ပုံစံသွားထုတ်ရမှာပါ။ သတ်မှတ်ရက်ထက် နောက်ကျပြီးလာရင်တော့ ဝင်ခွင့်ပေးမှာ မဟုတ်ဘူး။”
Placement Test ဝင်ခွင့်ဖြေဆိုခွင့် ရရှိသူတွေဟာ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ကျောင်းတွေမှာ ဇွန်လ ၁၅ ရက်ကနေ ၂၁ ရက်အထိ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမှာ ဖြစ်ပါတယ်။










