
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအနီးမှာ ဇွန် ၂၄ ရက်၊ ည ၇ နာရီခွဲက ဆိုင်ကယ် ကယ်ရီသမားတယောက်ကို အမျိုးသား ၂ ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ်လုယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခရေပင်လမ်းခွဲကနေ သင်္ဃန်းကျွန်းကြီးကျေးရွာကို ဆိုင်ကယ်ကယ်ရီငှားစီးလာတဲ့ အမျိုးသား ၂ ယောက်ဟာ ကျောင်းကြီး ၄ လမ်းအောက် ရောက်တဲ့အချိန်မှာ ကယ်ရီသမားကို ဓားနဲ့ ၄ ချက်ဆင့်ထိုးပြီး ဆိုင်ကယ်လုသွားတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူက DVB ကို ပြောပါတယ်။
“ခရေပင်လမ်းခွဲကနေ ငှားစီးလာပြီး လူပြတ်တဲ့ ကျောင်းကြီး ၄ လမ်းရောက်တော့ ဖိနပ်ကျွတ်သွားလို့ဆိုပြီး ဆိုင်ကယ်ကို ခဏရပ်ပေးပါပြောပြီး လုတာ။ ကယ်ရီသမားက ‘အစ်ကိုရယ် ဆိုင်ကယ်ကို ယူသွားပါ၊ လူကိုတော့ ဘာမှမလုပ်ပါနဲ့’ လို့ ပြောတာကို လုတဲ့ ၂ ယောက်က ဓားနဲ့ ၄ ချက်ဆင့်ထိုးသွားတာ။ ကယ်ရီသမားမှာ အူတွေပါ ထွက်ကျလာတယ်။”
ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ ကယ်ရီသမားကို ဒေသခံတွေက တွေ့ရှိပြီး အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားခဲ့တာကြောင့်၊ အုပ်ချုပ်ရေးမှူးရုံးကတဆင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခံခဲ့တာလို့ ဆိုပါတယ်။
ပုလဲအရန်မီးသတ်တပ်ဖွဲ့က ဒဏ်ရာရရှိထားတဲ့ ကယ်ရီသမားကို ဆေးကုသမှုခံယူနိုင်ဖို့အတွက် မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ၂ ယောက်ကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက အမှုဖွင့်ထားပေမဲ့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ကူညီပေးနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဧပြီ ၇ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာအနီးမှာ ဆိုင်ကယ်ကယ်ရီသမား တယောက်ကို အမည်မသိ အမျိုးသား ၃ ယောက်က ဓားနဲ့ထောက်ပြီး ဆိုင်ကယ်လုယက်ခဲ့ပါတယ်။










