
စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်၊ မရမ်းအင်းကျေးရွာမှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တယောက် ရည်းစားဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့ မုဒိမ်းကျင့်သတ်ဖြတ်တာကို ခံခဲ့ရပြီးနောက် ၇ ရက်အကြာမှသာ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၂ ရက် ညနေပိုင်းက မရမ်းအင်းကျေးရွာမှာ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးငယ်တယောက် တည်း နေအိမ်အတွင်း ရှိနေချိန်မှာ အသက် ၁၇ နှစ်အရွယ် ရည်းစားဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူတို့က ဓားထောက်ပြီး အင်းပတ်ကွေ့တောဘက်ကို ဆိုင်ကယ်နဲ့ ခေါ်ဆောင်သွားခဲ့ပြီးတဲ့နောက် အခုလို မုဒိမ်းကျင့်သတ်ဖြတ်ခံရတာလို့ ဒေသခံက ပြောပါတယ်။
သေဆုံးသူနဲ့ နီးစပ်သူတယောက်က “ကောင်လေးက ဒီရွာက မဟုတ်ဘူး၊ ကြာပင်အိုင်ရွာက။ သမီးရည်စား ဖြစ်နေကြတယ်လို့ ပြောတယ်။ ကောင်မလေး သားအမိက တခြားနေရာကို အလုပ်သွားဖို့ စီစဉ်နေတုန်း အခုလို ဖြစ်သွားတာ။ ကောင်မလေးကို သူ့အမေ မရှိတုန်း ကောင်လေးနဲ့ သူ့သူငယ်ချင်းက ဓားနဲ့ထောက်ပြီး ဆိုင်ကယ်ပေါ်တင် ခေါ်သွားတာလို့ သိရတယ်။ ပြီးတော့ ကောင်လေးက သူ မကျူးလွန်တဲ့ပုံစံနဲ့ တခြားသူနဲ့ လိုက်သွားတယ်လို့ ကောင်မလေး အမေကိုဖုန်းဆက်ပြောတယ်။ ကောင်မလေးအမေကလည်း သူ့သမီး တခြားလူနဲ့ လိုက်ပြေးတယ်လို့ ထင်နေတာ။ တပတ်ကြာတော့ အင်းပတ်ကွေ့တောမှာ ပုတ်ပွနေတဲ့ အလောင်းတွေ့တယ်လို့ ကြားလို့ သွားကြည့်မှ သူ့သမီး ဖြစ်မှန်းသိရတာ။ အဲဒီတော့မှ ကောင်လေး ဆက်တဲ့ဖုန်းက သူ့သမီး ဖုန်းမှန်း သိရတာ။ ကောင်လေးလက်ထဲက ကောင်မလေးရဲ့ ဖုန်း၊ ဆွဲကြိုး၊ နားကပ် သက်သေခံပစ္စည်းတွေနဲ့ ဖမ်းမိတာ။ ခုတော့ ကောင်လေးနဲ့ သူ့သူငယ်ချင်းကို ဒေသအဖွဲ့အစည်းက ဖမ်းဆီးစစ်ဆေးနေတယ်၊ ဘယ်လိုပြစ်ဒဏ်ချမှတ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
အဲဒီလို ဖြစ်ပွားချိန်မှာ မိသားစုဝင်တွေက သမီးဖြစ်သူအနေနဲ့ ခိုးရာလိုက်ပြေးသွားတယ်လို့ ထင်မှတ်ခဲ့ကြပြီး သူတို့ကိုဆက်သွယ်လာမဲ့ရက်ကို စောင့်ဆိုင်းနေခဲ့ကြတာပါ။
ဒါပေမဲ့ ဇူလိုင် ၂၈ ရက်မှာတော့ အင်းပတ်ကွေ့တော တနေရာမှာ ပုတ်ပွနေတဲ့ အမျိုးသမီး အလောင်းတလောင်း တွေ့ရှိတယ်ဆိုတဲ့ သတင်းကို ကြားသိခဲ့ရပြီးနောက် သွားရောက်ကြည့်ရှုမှသာ သမီးဖြစ်သူရဲ့ အလောင်းမှန်း အတည်ပြု သိရှိခဲ့ရတာ ဖြစ်ပါတယ်။
ကျူးလွန်သူတွေဟာ သတ်ဖြတ်ပြီးနောက် ရွှေဆွဲကြိုး၊ နားကပ်နဲ့ ဖုန်းတို့ကို ယူဆောင်သွားကာ အလောင်းကို စွန့်ပစ်ခဲ့ကြတာဖြစ်ပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာမှာ ကွန်ဒုံးနဲ့ ကာမစိတ်ကြွဆေးကတ်တွေ တွေ့ရှိခဲ့ရတဲ့အတွက် ကျူးလွန်သူ ၂ ယောက်ကို ကြိုတင်ကြံစည်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ ပစ္စည်းလုယက်မှု စတဲ့ အမှု ၄ မှုနဲ့ တိုင်ချက်ဖွင့်ထား ပါတယ်။
ဒါပေမဲ့ ဒေသအဖွဲ့အစည်းဘက်က ကြိုတင်ကြံစည်မှုနဲ့ မုဒိမ်းမှုကို ပယ်ဖျက်ပြီး လူသတ်မှုနဲ့ ပစ္စည်းလုယက်မှု အမှု ၂ မှု ကိုသာ လက်ခံစစ်ဆေးနေတာကြောင့် ကျူးလွန်ခံရသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေက တရားမျှတမှု ရရှိဖို့အတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ သိရပါတယ်။










