DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း၌ မုဒိမ်းကျင့်လူသတ်တရားခံကို သေဒဏ်ချ၊ အမှုတွဲ ၂ ဦးကို ထောင်ဒဏ်နှစ် ၂၀ စီချ 
DVB
·
August 7, 2026
Photo: အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေး
Photo: အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေး
Donate to DVB

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးငယ်တယောက်အပေါ် မုဒိမ်းမှုကျူးလွန်ပြီး သတ်ဖြတ်ခဲ့တဲ့ တရားခံတယောက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားရုံးက သေဒဏ်ချမှတ်လိုက်ပြီး အမှုတွဲတရားခံ ၂ ယောက်ကိုလည်း ထောင်ဒဏ် နှစ် ၂၀ စီချလိုက်တယ်လို့ အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မသေမချင်းကြိုးကွင်းစွပ် သေဒဏ်ချမှတ်ခံရသူကတော့ ယိုးတရုပ်ရွာ ယာယီစစ် ရှောင်စခန်းမှာ နေထိုင်တဲ့ တင်ဝင်း (၃၇နှစ်) ဖြစ်ပြီး ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခံရသူတွေကတော့  ကြံခင်းကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတွေဖြစ်တဲ့ မောင်အေးကျော် (ခ) မောင်ပု (၂၉နှစ်) နဲ့  မောင်သန်းစိုး(ခ) ငလုံး ( ၂၁ နှစ်) တို့ဖြစ်ပါတယ်။

အဆိုပါ တရားခံ ၃ ယောက်ကို ဩဂုတ် ၅ ရက်မှာ  စစ်တွေခရိုင်တရားရုံးက သေဒဏ်နဲ့ ထောင်ဒဏ် နှစ်  ၂၀ အမြင့်ဆုံးပြစ်ဒဏ်တွေကို အသီးသီးချမှတ်လိုကတာလို့ အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်အမျိုးသမီးတယောက်က "သေဒဏ်ချမှတ်တာ အရမ်းကောင်းတယ်။ ဒါမှနောက်လူတွေ မလုပ်ရဲမှာ။ ဒီလိုပြည်သူတွေတောင်းဆိုလို့ သေဒဏ်ချမှတ်ပေးတဲ့အတွက် အာရက္ခတပ်တော်ကို တကယ်ကျေးဇူးတင်တယ်။ ဒီလိုမှ AAက ပြည်သူတွေရဲ့လေးစားခြင်းယုံကြည်ခြင်းကို ပိုပြီးရမှာ။ ပိုအားကိုးမှာ" လို့ ပြောပါတယ်။

တရားရုံးရဲ့ စစ်ဆေးချက်၊ သက်သေတွေရဲ့ ထွက်ဆိုချက်၊ တရားခံရဲ့ ဝန်ခံချက်တွေအရ တရားခံ တင်ဝင်းဟာ မုဒိမ်းကျင့် လူသတ်မှုကို ကျူးလွန်ကြောင်းထင်ရှားတာကြောင့် ရာဇသတ်ကြီးပုဒ်မ- ၃၀၂ (၁) (ဂ) အရ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ တရားခံ မောင်ပုနဲ့ တရားခံ ငလုံး တို့ဟာ ကျူးလွန်ခံရတဲ့ အမျိုးသမီးကို ခေါ်ဆောင်ကာ လက်ထိပ်ခတ်ထားခဲ့တာ၊ မျက်နှာကို အဝတ်နဲ့စည်းပြီး အခင်းဖြစ်တဲ့ နေရာမှာ  တင်ဝင်းနဲ့တူတူ ထားရှိခဲ့တာဟာ လူကိုသတ်ဖို့ သော်လည်းကောင်း၊ အသတ်ခံရမဲ့ ဘေးရောက်အောင် စီမံခန့်ခွဲနိုင်ဖို့သော်လည်းကောင်း၊ လူကို သွေးဆောင်ခေါ်ယူသွားတာဖြစ်ကြောင်း စစ်ဆေးတွေ့ရလို့ ရာဇသတ်ကြီးပုဒ်မ-၃၆၄ အရ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါအမှုဟာ ဇူလိုင် ၁၈ ရက်က ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၂ ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာအနီး သရက်တောခြံဝင်းအတွင်းရှိ ရေမြောင်းတခုမှာ အမျိုးသမီးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။

စုံစမ်းစစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ဖြစ်ပြီး တရားခံ တင်ဝင်းက လူမှုရေးကိစ္စတခုကို အကြောင်းပြကာ ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၂၂ ရက် ညနေမှာ တန်းစွယ်-ကျော်ဇံကျေးရွာသွားလမ်းဘေးရှိ သရက်တောခြံဝင်းအတွင်း ရေမြောင်းထဲမှာ လက်ထိတ်နောက်ပြန်ခတ်ထားပြီး မှောက်လျက်အနေအထားနဲ့ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသမီးတရဲ့ ရုပ်အလောင်းကို ဒေသခံတယောက်က စတင်တွေ့ရှိခဲ့နောက် ဒီလပ်ဌာနသို့ သတင်းပေးပို့ခဲ့ရာမှ အခုလို ပြစ်မှုကျူးလွန်သူတွေကိုဖော်ထုတ်နိုင်ခဲ့တာပါ။

တရားလိုဘက်က ခရိုင်ဥပဒေအရာရှိ တယောက်နဲ့ တရားခံဘက်က ဥပဒေအကျိုးဆောင် တယောက်က ဆောင်ရွက်ပြီး လိုပြသက်သေ ၁၉ ယောက် အပါအဝင် နှစ်ဖက်စစ်ဆေးမှုတွေ ပြုလုပ်ကာ ဩဂုတ် ၂ ရက်က စွဲချက်အမိန့်ချခဲ့ပြီး ဩဂုတ်  ၅ ရက်နေ့မှာ သေဒဏ်နဲ့ ထောင်ဒဏ် အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013