
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာအနီးက စစ်ဘေးရှောင်တွေ ယာယီခိုလှိုနေကြတဲ့ နေရာဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းဗုံးကြဲခဲ့လို့ နေအိမ်တွေနဲ့ အဆောက်အအုံတွေ အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၄ ရက် ည ၁၀ နာရီဝန်းကျင်ကနေ ၁၁ နာရီခွဲအထိ စစ်အာဏာရှင်တပ်က ဂျက်တိုက် လေယာဉ်၊ Y-12 လေယာဉ် ၄ စင်းနဲ့ လေယာဉ်အုပ်စုလိုက်သုံးပြီး ဗုံး အလုံး ၂၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်နေအိမ်တွေနဲ့ ဆောက်လုပ်ရေးသုံး လုပ်ငန်းခွင်တွေနဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့တာလို့ ယိုးငူကျေးရွာသား အမျိုးသားတယောက်က ပြောပါတယ်။
အခု လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကျောက်ကွင်းတွေဟာ ယိုးငူရွာရဲ့ တောင်ဘက် ၂ မိုင် အကွာမှာ တည်ရှိကြတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင် မိသားစုတချို့ ခိုလှုံ နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၄ ရက်ကလည်း ယိုးငူကျေးရွာနဲ့ သရက်ချိုကျေးရွာကြားမှာရှိတဲ့ ဗျာလ စစ်ဘေးရှောင်စခန်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရရှိခဲ့ ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၅ ရက်ကလည်း ပန်းနီလာကျေးရွာအနီးက စစ်ဘေးရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စေတနာဆေးဝန်ထမ်း အမျိုးသမီးတယောက်နဲ့ သက်ကြီးပိုင်း အမျိုးသမီး တယောက် သေဆုံးကာ နောက်ထပ် ၃ ယောက် ထိခိုက်ဒဏ်ရာရ ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်းစခန်းတွေနဲ့ ကျေးရွာတွေကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ ကျေးရွာတွေမှာ မနေရဲတော့ဘဲ တော၊ တောင်တွေနဲ့ လယ်ကွင်းတွေမှာသာ နေထိုင်နေကြ ရတော့တယ်လို့ နောက်ထပ် ပုဏ္ဏားကျွန်း ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ပုဏ္ဏားကျွန်းဘက်မှာနေရတာ ဂျက်သံကိုပဲ နားစိုက်ပြီး နေကြရတယ်။ ရွာထဲတွေမှာလည်း မနေရဲတော့ဘူး။ စစ်ကောင်စီက ပေးတဲ့ ဒုက္ခတွေကြောင့် တော၊ တောင်တွေနဲ့ ကွင်းပြင်တွေမှာ ထွက်နေကြရတယ်။ ဒီဒုက္ခတွေကလည်း အမြန်ဆုံး ကင်းဝေးချင်နေပြီ။ လူ့အသက်တချောင်း ရှင်သန်ဖို့ အရမ်းခက်ခဲလာတယ်” လို့ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ စစ်တွေ စစ်မျက်နှာနဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တို့ကို နေ့တိုင်းလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို၊ ကျောက်ဖြူစစ်မျက်နှာမှာလည်း စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စခန်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်လာနေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေဟာလည်း ဆက်တိုက်မြင့်တက်လာနေတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ပထမ ၄ ရက်အတွင်းမှာတင် စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရခိုင်ပြည်နယ်မှာ လသားအရွယ် ကလေးငယ်တွေ အပါဝင် အရပ်သား ၁၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူဟာ ၄၀ နီးပါးအထိ ရှိလာနေပြီးလည်းဖြစ်ပါတယ်။











