
ရခိုင်ပြည်နယ်၊ ဝီရဌာနေ (ပေါက်တောမြို့နယ်) နဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်အာဏာရှင်တပ်က ညအချိန် ဗုံးလာကြဲတဲ့အတွက် ကျေးရွာသား ၂ ယောက် သေဆုံး၊ ၆ ယောက်ထက်မနည်း ဒဏ်ရာ ရရှိ သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာ ၂၀ ရက် မနေ့ည ၁၀ နာရီကျော်မှာ ဝီရဌာနေ (ပေါက်တောမြို့နယ်) အပါအဝင် နေရာ ၅ ခုထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာလို့ ဒေသဆိုင်ရာ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“မနေ့က ပစ်တာ ပြားသူကြွယ်၊ မြို့ထက်၊ ဓားကိုင်တောင်တန်း၊ ပိန္နဲချောင်းတောင်တန်း၊ ကြိမ်ခွေမော် ဝန်းကျင် ပစ်တယ်။ ကနဦး သတင်းအရ ၂ ယောက်သေတယ်၊ ၆ ယောက် ဒဏ်ရာရတယ်။”
စစ်အာဏာရှင်တပ်က Y12 လေယာဉ်နဲ့ ဝီရဌာနေ (ပေါက်တောမြို့နယ်) တောင်းဖူးနဲ့ တဘက်ကမ်းက ပြားသူကြွယ်ကျေးရွာကို ဗုံး ၂ လုံး ချခဲ့တဲ့အတွက် ပြားသူကြွယ်ရွာက ဦးနေဝင်း (၄၁ နှစ်)၊ ဒေါ်ခင်ဦး (၃၆ နှစ်) တို့ သေဆုံးခဲ့ပြီး ဦးမောင်ဆန်းယု (၄၀ နှစ်)၊ ဒေါ်ခင်ယိုင်နု (၃၄ နှစ်) တို့ ဒဏ်ရာကိုယ်စီ ရရှိခဲ့ပါတယ်။
တဆက်တည်း ဝီရဌာနေ (ပေါက်တော) မြို့ပေါ်ရပ်ကွက် ၁၊ ၂၊ ၄ တို့ကိုလည်း Y12 နဲ့ ဗုံး ၈ လုံး ကြဲချလို့ အမှတ် ၄ ရပ်ကွက်က မောင်စစ်ငြိမ်းနိုင် (၁၆ နှစ်)၊ ဦးဘသာ (၅၃ နှစ်) တို့ အပါအဝင် ၄ ယောက် ဒဏ်ရာရရှိပြီး နေအိမ်တွေ ပြိုပျက်သွားခဲ့ပါတယ်။
ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်ကလည်း “မနေ့က ညဉ့် ၁၁ နာရီ ၄၀ မိနစ်ကနေ ၁၂ နာရီ ကျော်ထိ ဂျက် ၂ စီးနဲ့ ပစ်တာပါ၊ အကုန် ပုဏ္ဏားကျွန်းမြို့ထဲကို ကျပါတယ်။ ထိခိုက်မှုတော့ ရှိပါတယ်” လို့ ပြောပါတယ်။
စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ဟာ ဝီရဌာနေ (ပေါက်တော) မြို့နယ်၊ ငပြီကျွန်းမှာ မနေ့ည ၉ နာရီကျော်ကတည်းက နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်၊ Y12 တို့အပြင် နေဗီကလည်း ပစ်ကူပေးနေရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။











