
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂၃ ရက် ဒီကနေ့ နေ့လယ် ၂ နာရီမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်းနီလာကျေးရွာ စာသင်ကျောင်းရှေ့ကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်တစင်းနဲ့ နေ့လယ် ၂ နာရီမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာသား အမျိုးသမီးတယောက် သေဆုံးပြီး နောက်ထပ် ကျေးရွာသား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ပန်းနီလာကျေးရွာက အမျိုးသမီးတယောက်က ပြောပါတယ်။
“စာသင်ကျောင်း အရှေ့ဘက်ကို ဗုံးကြဲတိုက်ခိုက်သွားတာ။ အမျိုးသမီးတယောက် သေတယ်။ ယောကျ်ားလေးတယောက်နဲ့ အမျိုးသမီးတယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်။ ကျမတို့လည်း အခု ဗုံးကျင်းထဲမှာ ဝင်နေရတုန်းပဲ။ ဒီလအတွင်းမှာတင် ရွာနဲ့ အနီးပတ်ဝန်းကျင်ကို ဗုံးကြဲတာ ၂ ခါရှိပြီ။ လူတွေလည်း အားလုံး ကြောက်စိတ်တွေနဲ့ပဲ။”
ထိခိုက်သေဆုံးသွားသူမှာ ပန်းနီလာကျေးရွာက အသက် ၄၀ အရွယ် ဒေါ်လှချေတင် ဖြစ်ပြီး နောက်ထပ် သက်ကြီးပိုင်း အမျိုးသမီးတယောက်နဲ့ လူငယ်အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
အောက်တိုဘာ ၅ ရက်ကလည်း ပန်းနီလာကျေးရွာအနီးက စစ်ဘေးရှောင်စခန်းက ဆေးခန်းတခုကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးငယ်တယောက် သေဆုံးပြီး နောက်ထပ်လည်း စစ်ဘေးရှောင် ၃ ယောက် ဒဏ်ရာရသွားပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကလည်း ပန်းနီလာကျေးရွာ စာသင်ကျောင်းအနီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၅ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ ယောက် ရှိခဲ့ပါတယ်။
အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းကလည်း စစ်တွေမြို့ မောလိပ်ရပ်ကွက်ကို ဗုံး ၂ လုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သား ၉ ယောက် သေဆုံးပြီး ၁၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရခိုင်စစ်မျက်နှာမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေကြတာဖြစ်ပြီး စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်အာဏာရှင်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လို့ ထိခိုက်သေဆုံးမှု အရေအတွက်ဟာလည်း ဆက်တိုက် မြင့်တက်လာနေတာ ဖြစ်ပါတယ်။











