ပုဏ္ဏားကျွန်းက ရွာ ၂ ရွာကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ်နဲ့ အောင်ဖြူပြင်ကျေးရွာတွေကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှာ ယိုးတရုတ်ကျေးရွာ ဂျက်တိုက်လေယာဉ်တစီးနဲ့ ဗုံးကြဲခဲ့ပြီး တပြိုင်နက် ညနေ ၄ နာရီ ၂၉ မိနစ်ခန့်မှာလည်း အောင်ဖြူပြင်ကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ယိုးတရုတ်ရွာ လယ်တောထဲမှာ စပါးရိတ်သိမ်းပြီး တလင်းနယ်နေတဲ့ အသက် ၂၇ နှစ်အရွယ် မောင်ထွန်းကျော်လှိုင်ဟာ ဗုံးစထိမှန်ကာ နေရာမှာတင် သေဆုံးသွားခဲ့ပြီး တလင်းနယ်နေတဲ့ နွား ၃ ကောင်လည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမှာ စစ်ရှောင်နေတဲ့ စစ်တွေဒေသခံ အမျိုးသမီးတယောက်က “မနေ့က ယိုးတရုတ်နဲ့ အောင်ဖြူပြင်မှာ ဗုံးချတယ်။ ကျမတို့ ဒေသခံတွေလည်း ရိုးနေပါပြီ။ ဗုံးချတဲ့ဟာကို စစ်လည်းမရှောင်တော့ဘူး။ စစ်ရှောင်လည်း လွတ်တာမဟုတ်ဘူး" လို့ ပြောပါတယ်။
အလားတူ အောင်ဖြူပြင်ကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၆၄ နှစ်အရွယ် ဦးအောင်သိန်းချေဟာ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၂၂ နှစ်အရွယ် မောင်ခိုင်နေမျိုးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အောင်ဖြူပြင်ရွာမှ နေအိမ် ၃ လုံးနဲ့ ဆိုင်ကယ် ၂ စီးလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ရခိုင်မှာ နိုဝင်ဘာ ၂၀ ရက်ကနေ ၂၃ ရက်အထိ ၄ ရက်တာမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၆ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရ သွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လေးရက်အတွင်း တိုက်ခိုက်ခံရတဲ့ မြို့နယ်တွေကတော့ ဝီရဌာနီမြို့နယ်၊ သဝင်ချောင်းရွာ၊ နန်းတက်ကျွန်းရွာ၊ ဓားကိုင်ကျေးရွာ၊ မြောက်ဦးမြို့နယ် ရမ်းချောင်းကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာနဲ့ အောင်ဖြူပြင်ရွာတို့ ဖြစ်ပါတယ်။











