
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြောက်ဘက်ရှိ ရှင်း-ကာနုမ ဘူတာမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်ကိုင်နေတဲ့ အမျိုးသား ၄ ယောက်ကို ဩဂုတ် ၂၀ ရက်က အမြန်ရထားတိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။
ထိုချိဂိ စီရင်စု၊ ရှင်းကာနုမ ဘူတာမှာ အမျိုးသား ၄ ယောက်ဟာ ရထားလမ်းပေါ်က ပေါင်းမြက်တွေကို ရှင်းလင်းနေတုန်း ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲကျော်လောက်မှာ တိုဘု ရထားကုမ္ပဏီက ပြေးဆွဲတဲ့ စပေစီယာ X အမြန်ရထားနဲ့ တိုက်မိခဲ့တာလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ဂျပန်နိုင်ငံပိုင် NHK ရုပ်သံလိုင်းကတော့ ရထားဟာ နာမည်ကြီး ခရီးသွားနေရာတခုဖြစ်တဲ့ တိုဘု နစ်ခိုး ဘူတာကနေ တိုကျိုကို ခရီးသည် ၅၀ နီးပါး တင်ဆောင်ပြီး မောင်းနှင်လာရင်း မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
ရထားပေါ်ပါလာတဲ့ ခရီးသည်တယောက်ကတော့ ရထား အရေးပေါ် မရပ်လိုက်ခင်မှာ ပုံမှန်မဟုတ်တဲ့ အသံတသံ ကြားလိုက်ရတယ်လို့ NHK ကို ပြောပါတယ်။











