
ကမ္ဘာ့ရွှေဈေး တက်လာတာနဲ့အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လာပြီး လက်ရှိမှာ တကျပ်သားကို ကျပ် ၉၉ သိန်းဝန်းကျင်ကို ပြန်လည်ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ဇွန် ၁၉ ရက်က ဒေါ်လာ ၄,၁၄၀ ဝန်းကျင်ကနေ ဇွန် ၂၂ ရက်မှာ ၄,၂၁၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့ပါတယ်။
အမေရိကန်-အီရန် တင်းမာမှုတွေ လျော့ကျလာပေမဲ့ အမေရိကန်ဖက်ဒရယ်အရန်ဘဏ်ရဲ့ အတိုးနှုန်းအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်မှုကြောင့် ရွှေအပေါ် ဝယ်လိုအား မြင့်တက်လာတဲ့အတွက် ဈေးမြင့်လာတာလို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
ဒီလို ကမ္ဘာ့ရွှေဈေး မြင့်တက်သွားမှုကြောင့် ပြည်တွင်းဈေးကွက်မှာလည်း ဇွန် ၁၉ ရက် မနက်ပိုင်း ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် အခေါက်ရွှေ တကျပ်သားကို ကျပ် ၂ သိန်းဝန်းကျင်အထိ မြင့်တက်လာပါတယ်။
ပြည်တွင်း အခေါက်ရွှေ တကျပ်သားဈေးဟာ ဇွန် ၁၉ ရက်မှာ ကျပ် ၉၇ သိန်းဝန်းကျင်ကနေ ဇွန် ၂၂ ရက် ညနေပိုင်းမှာ ၉၉ သိန်းဝန်းကျင်ကို ပြန်မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ပြည်တွင်းရွှေဈေးဟာ နှစ်အစပိုင်းမှာ ကျပ် ၁၁၈ သိန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပြီးတဲ့နောက် အခုဇွန်လအတွင်း ကမ္ဘာ့ရွှေဈေးနဲ့အတူ အတက်အကျ များခဲ့ပါတယ်။










