
ကမ္ဘာ့ရွှေဈေးဟာ သီတင်း ၇ ပတ်ကျော်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းလာချိန်မှာ ပြည်တွင်းအခေါက်ရွှေ အရောင်းဈေးလည်း တကျပ်သားကို ကျပ် ၉၉ သိန်း ၉ သောင်းဝန်းကျင်အထိ ကျဆင်းပြီး ကျပ် သိန်း ၁၀၀ အောက် ပြန်ရောက်လာပါတယ်။
Spot Gold ဟာ စက်တင်ဘာ ၂၈ ရက် တရက်အတွင်း ၃ ရာခိုင်နှုန်းကျော် ကျဆင်းပြီး တအောင်စကို ဒေါ်လာ ၄,၁၅၅ ဝန်းကျင်အထိ ရောက်ခဲ့ကာ ဩဂုတ် ၅ ရက်နောက်ပိုင်း အနိမ့်ဆုံးအဆင့် ဖြစ်လာပါတယ်။
လေ့လာသုံးသပ်သူတွေရဲ့အဆိုအရ အမေရိကန်ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ အတိုးနှုန်းတွေ ဆက်လက်တင်းကျပ်ထားနိုင်မဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာတာနဲ့အတူ ဒေါ်လာတန်ဖိုးနဲ့ အမေရိကန် Treasury bond အထွက်နှုန်းတွေ မြင့်တက်လာတာက ရွှေဈေးအပေါ် ရောင်းအားဖိအား ပိုများလာစေပါတယ်။
ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားအရေး အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေကြောင့် ရေနံဈေးမြင့်တက်လာပြီး ငွေကြေးဖောင်းပွမှု ဖိအားတွေ ဆက်ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေကလည်း ရွှေဈေးကျဆင်းမှုကို ပိုမိုဖိအားပေးနေပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်မှာ တအောင်စကို ဒေါ်လာ ၄,၆၀၀ ဝန်းကျင်အထိ ရှိခဲ့ရာကနေ လက်ရှိမှာ ဒေါ်လာ ၄,၁၅၀ အောက်အထိ ကျဆင်းလာတာကြောင့် တစ်လကျော်အတွင်း ၁၀ ရာခိုင်နှုန်းနီးပါး ပြန်လည်ကျဆင်းလာတာလည်း ဖြစ်ပါတယ်။
ပြည်တွင်းမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေးဟာ ကျပ် ၁၀၁ သိန်း ၃ သောင်းနဲ့ အမြင့်ဈေးမှာ ရပ်တည်နေခဲ့ပေမဲ့ ကမ္ဘာ့ရွှေဈေး ရုတ်တရက် ကျဆင်းလာတာနဲ့အတူ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းကစပြီး နာရီပိုင်းအတွင်း သိန်း ၁၀၀ အောက်ကို အလျင်အမြန် ပြန်လည်ကျဆင်းလာပါတယ်။
လက်ရှိအခေါက်ရွှေ အရောင်းဈေးဟာ ကျပ် ၉၉ သိန်း ၉ သောင်းဝန်းကျင်ရှိနေပြီး ပြည်တွင်းအဝယ်အရောင်းအခြေအနေတွေကလည်း ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနေပါတယ်။










