Homeမြန်မာသတင်းပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၀၀ အောက် ပြန်ကျ
ကမ္ဘာ့ရွှေဈေးဟာ စက်တင်ဘာလအစပိုင်းမှာ ဆက်လက်ကျဆင်းလာပြီး ဒီနေ့မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၂၈၄ အထိ ကျဆင်းခဲ့ကာ အခုလက်ရှိမှာတော့ ဒေါ်လာ ၄,၃၁၀ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။
ကမ္ဘာ့ဈေးကျဆင်းလာတာနဲ့အတူ ပြည်တွင်းရွှေဈေးလည်း ပြန်အေးလာပြီး ဒီနေ့မှာ ကျပ်သိန်း ၁၀၀ အောက်အထိ ကျဆင်းလာပါတယ်။ မနေ့က ပြည်တွင်းရွှေဈေးဟာ ကျပ် ၁၀၁ သိန်း ၄ သောင်း ဝန်းကျင်မှာ ရှိခဲ့တာပါ။
ကမ္ဘာ့ရွှေဈေးဟာ ဩဂုတ်လအတွင်း အမြင့်ဆုံးအဆင့်တွေကို ရောက်ရှိခဲ့ပြီးနောက် အခုရက်ပိုင်းမှာ အမြတ်ရယူရောင်းချမှုတွေနဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်း အလားအလာတွေကြောင့် ပြန်လည်ကျဆင်းလာတာလို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ကြပါတယ်။
နောက်ဆုံးရရှိထားတဲ့ စက်တင်ဘာ ၂ ရက် ဈေးကွက်အချက်အလက်တွေအရ ကမ္ဘာ့ရွှေဈေးဟာ သုံးပတ်အတွင်း အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ တအောင်စကို ဒေါ်လာ ၄,၃၀၀ အောက်အထိ ကျဆင်းလာပါတယ်။ ရေတိုကာလအတွင်း ဈေးနှုန်းကျဆင်းနေပေမဲ့ လွန်ခဲ့တဲ့ ရက် ၃၀ အတွင်း ၆ ရာခိုင်နှုန်းကျော်နဲ့ တနှစ်အတွင်း ၂၁ ရာခိုင်နှုန်းကျော် မြင့်တက်ထားဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ ဒေါ်လာ ၄,၃၀၀ ဝန်းကျင်မှာ အတက်အကျမြန်မြန်နဲ့ လှုပ်ရှားနေပြီး ပြည်တွင်းရွှေဈေးလည်း ကမ္ဘာ့ရွှေဈေးအတိုင်း လိုက်ပါအေးလာတာကြောင့် ရွှေဈေးကွက်အတွင်း ဆက်လက်ဖြစ်ပေါ်လာမဲ့ ဈေးနှုန်းအပြောင်းအလဲတွေကို ဝယ်ယူသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်နေကြပါတယ်။
Photo: DVB