Homeမြန်မာသတင်းကမ္ဘာ့ရွှေဈေး နှင့် ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်း
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမြင့်ဆုံးအဆင့်ကနေ သိသိသာသာ ပြန်လည်ကျဆင်းလာပြီးတဲ့နောက် ပြည်တွင်းရွှေဈေးလည်း တဖြည်းဖြည်း ပြန်အေးလာပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ဩဂုတ် ၂၇ ရက်မှာ တအောင်စကို ဒေါ်လာ ၄,၆၀၀ ကျော်အထိ ရှိခဲ့ရာကနေ ဩဂုတ် ၃၁ ရက် မနက်ပိုင်းမှာ ဒေါ်လာ ၄,၄၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး နေ့လယ်ပိုင်းမှာ ဒေါ်လာ ၄,၄၄၀ ဝန်းကျင်အထိ အနည်းငယ် ပြန်တက်လာပါတယ်။ ဒါပေမဲ့ အမြင့်ဆုံးဈေးနဲ့ နှိုင်းယှဉ်ရင် ၄ ရက်အတွင်း ၄ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းထားဆဲ ဖြစ်ပါတယ်။
နောက်ဆုံးရရှိထားတဲ့ ဈေးကွက်အချက်အလက်တွေအရ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၄,၄၃၉ ဝန်းကျင်ရှိနေပြီး ဩဂုတ်လအတွင်း ၁၀ ရာခိုင်နှုန်းနီးပါး၊ တနှစ်အတွင်း ၂၇ ရာခိုင်နှုန်းကျော် မြင့်တက်နေဆဲ ဖြစ်ပါတယ်။
ဈေးကွက်လေ့လာသူတွေရဲ့အဆိုအရ ကမ္ဘာ့ရွှေဈေး ပြန်ကျလာရတဲ့ အဓိကအကြောင်းရင်းမှာ Fed ရဲ့ အတိုးနှုန်းမျှော်လင့်ချက် ပြောင်းလဲလာတာ ဖြစ်ပါတယ်။
Fed ဥက္ကဋ္ဌ Kevin Warsh က ငွေကြေးဖောင်းပွမှု မလျော့သေးကြောင်း ပြောဆိုပြီးနောက် စက်တင်ဘာလ အတိုးနှုန်းတက်နိုင်ခြေကို ဈေးကွက်က ပိုမိုတွက်ဆလာတာကြောင့် ရွှေဈေးအပေါ် ဖိအားဖြစ်လာတယ်လို့ သုံးသပ်ကြပါတယ်။
ဒါ့အပြင် ရေနံဈေးတက်လာမှုကလည်း ငွေကြေးဖောင်းပွမှု စိုးရိမ်ချက်ကို ပိုမိုမြင့်တက်စေတယ်လို့ ဆိုကြပါတယ်။
ပြည်တွင်းရွှေဈေးကွက်မှာလည်း ကမ္ဘာ့ရွှေဈေးကျဆင်းမှုနဲ့အတူ ဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာပါတယ်။
ပြည်တွင်းရွှေဈေးဟာ ဩဂုတ် ၂၇ ရက်မှာ ရောင်းဈေး ကျပ် ၁၀၄ သိန်း ၆ သောင်းအထိ ရှိခဲ့ရာကနေ လက်ရှိမှာ ကျပ် ၁၀၂ သိန်း ၇ သောင်းဝန်းကျင်အထိ ကျဆင်းလာပြီး ၄ ရက်အတွင်း ကျပ် ၂ သိန်းနီးပါး လျော့ကျထားပါတယ်။
လက်ရှိအခြေအနေမှာ ကမ္ဘာ့ရွှေဈေးဟာ အမြင့်ဆုံးအဆင့်ကနေ ပြန်ကျဆင်းပြီးနောက် အနည်းငယ် ပြန်လည်တက်လာနေသလို ပြည်တွင်းရွှေဈေးကလည်း ကမ္ဘာ့ဈေးကျဆင်းမှုနောက်ကို လိုက်ပြီး ပြန်လည်အေးလာတဲ့ အခြေအနေ ဖြစ်ပါတယ်။