
အမေရိကန် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းဆိုင်ရာ တင်းကျပ်တဲ့ သဘောထားတွေကြောင့် ကမ္ဘာ့ရွှေဈေးဟာ စက်တင်ဘာ ၂၃ ရက် ဒီနေ့လယ်ပိုင်းမှာ တအောင်စကို ၄,၃၂၀ ဒေါ်လာအောက်အထိ ကျဆင်းလာပြီး ပြည်တွင်းအခေါက်ရွှေဈေးလည်း တကျပ်သားကို ၁၀၁ သိန်း ၂ သောင်းလောက်ထိ လိုက်ပါ ကျဆင်းလာပါတယ်။
စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ၄,၃၂၀ ဒေါ်လာအောက်မှာ ရှိနေပြီး တရက်အတွင်း ၀ ဒသမ ၅၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းထားပါတယ်။
တလအတွင်းမှာလည်း ရွှေဈေးက ၆ ရာခိုင်နှုန်းကျော် ကျဆင်းထားပါတယ်။ ဒါပေမဲ့ တနှစ်တာကာလနဲ့ တွက်ရင်တော့ ရွှေဈေးက ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်နေဆဲ ဖြစ်ပါတယ်။
အခုလို ရွှေဈေးပြန်ကျလာတာဟာ အမေရိကန်ဗဟိုဘဏ် တာဝန်ရှိသူတွေရဲ့ အတိုးနှုန်းနဲ့ ပတ်သက်တဲ့ တင်းကျပ်တဲ့ မှတ်ချက်တွေကြောင့် ရွှေဈေးအပေါ် ဖိအားရှိလာတာလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ကမ္ဘာ့ရွှေဈေး ကျဆင်းလာတာနဲ့အတူ ပြည်တွင်းရွှေဈေးကလည်း လိုက်ပါကျဆင်းလာပါတယ်။
ပြည်တွင်း ၁၆ ပဲရည် အခေါက်ရွှေဈေးကွက်မှာ ဒီကနေ့ ရောင်းဈေးဟာ တကျပ်သားကို ၁၀၁ သိန်း ၂ သောင်းကျပ်အထိ ဆက်လက်ကျဆင်းခဲ့ပါတယ်။
စက်တင်ဘာ ၂၀ ရက်က ရောင်းဈေးဟာ တကျပ်သားကို ၁၀၁ သိန်း ၇ သောင်းကျပ် ရှိခဲ့တာကြောင့် သုံးရက်အတွင်း တကျပ်သားကို ကျပ် ၅ သောင်းဝန်းကျင် ဆက်တိုက်ကျဆင်းလာတာ ဖြစ်ပါတယ်။
ရေတိုမှာ ရွှေဈေးကျဆင်းနေပေမဲ့ ကမ္ဘာ့ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှုတွေ ဆက်ရှိနေသလို ပထဝီနိုင်ငံရေး မရေရာမှုတွေနဲ့ ဘဏ္ဍာရေးဈေးကွက်အပေါ် စိုးရိမ်မှုတွေကလည်း ဆက်ရှိနေတာကြောင့် ရေရှည်မှာတော့ ရွှေဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှု ဆက်ရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။











