DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ကောင်းမွန်ကြောင်းပြောဆိုချက် အာဆီယံ အတည်မပြုနိုင်သေး
DVB
·
July 12, 2026
Photo: ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန
Photo: ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန
Donate to DVB

ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ စစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် အာဆီယံအနေနဲ့ အတည်ပြုနိုင်ဖို့ အာဆီယံအထူးသံတမန်အား ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင် တွေ့ဆုံခွင့်ပြုသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင် ၁၂ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအရေးကို ဘယ်လိုရှေ့ဆက် ကိုင်တွယ်ဆောင်ရွက်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒီအစည်းအဝေးကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာဖြစ်ပြီး အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက အစည်းအဝေးကို ဦးဆောင်ခဲ့ပါတယ်။

အစည်းအဝေးအတွင်း စစ်အာဏာရှင်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ‘ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ကျန်းမာရေးကောင်းမွန်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွေမျိုးတယောက်၊ အစ်မတယောက်လို ဖြစ်တဲ့အတွက် ကျနော်တို့က သူ့ကို စောင့်ရှောက်သွားမှာပါ' ဆိုတာမျိုး ပြောခဲ့တယ်လို့ လာဇရိုက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အာဆီယံအထူးသံတမန်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်နဲ့အတူ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့ကြားခဲ့ရတဲ့ အရာကို သတင်းထောက်တွေကို ပြန်လည်ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ အခုလို ပြောဆိုမှုဟာ စစ်အာဏာရှင်အစိုးရဘက်က ပြောဆိုမှုကို ပြန်လည်ပြောပြခြင်းသာ ဖြစ်ပြီး အာဆီယံသံတမန်တွေနဲ့ သီးခြားတွေ့ဆုံခွင့်ရတာမျိုး မဟုတ်သလို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့်လည်း မရှိသေးပါဘူး။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်ကတော့ ဦးတင်မောင်ဆွေရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ အာဆီယံအထူးသံတမန်အား ဒေါ်အောင်ဆန်းစုကြည်နဲ့ကိုယ်တိုင် တွေ့ဆုံခွင့်ပြုသင့်ကြောင်း ဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“အာဆီယံအထူးသံတမန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေကို ကိုယ်တိုင် အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ဆွေးနွေးပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ပေးနေတယ် ဆိုတာကို မြန်မာဘက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရှေ့မှာ ထပ်မံ ရှင်းလင်းပြောကြားခဲ့ပါတယ်။”

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံအရေးကို ဘယ်လိုရှေ့ဆက် ကိုင်တွယ်ဆောင်ရွက်မလဲဆိုတာနဲ့ အာဆီယံနဲ့ မြန်မာနိုင်ငံအကြား အပြန်အလှန်နားလည်မှု တိုးမြှင့်ရေး၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို လက်တွေ့အကောင်အထည်ဖော်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လူနေမှုဘဝ ကောင်းမွန်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ အာဆီယံကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ လိုအပ်တယ်လို့လည်း အစည်းအဝေးက သဘောတူခဲ့ပါတယ်။ အဲဒီလို ဆွေးနွေးမှုတွေက အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ပြီး မြန်မာနိုင်ငံနဲ့ အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်တိုးတက်လာဖို့ အထောက်အကူဖြစ်စေမယ်လို့ ရှုမြင်ထားပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်ပြောင်းလဲမှုတွေကို ဆက်လက်အနီးကပ် စောင့်ကြည့်သွားမှာဖြစ်ပြီး၊ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ သဘောတူညီချက်တွေကနေတဆင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိစေဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

ထုတ်ပြန်ချက်အရ ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးသွားမဲ့ လုပ်ငန်းစဉ်ရဲ့ အစဖြစ်ပြီး လာမဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမဲ့ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း ဒီကိစ္စကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Photo: ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013