DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဒုက္ခသည်စခန်းရှိ ကလေးများပညာရေးအတွက် စီစဉ်နေဟု ထိုင်းပညာရေးဝန်ကြီးပြော 
DVB
·
August 31, 2026
Photo: The Reporters
Photo: The Reporters
Donate to DVB

ထိုင်းအစိုးရပညာသင်ကျောင်းတွေမှာ ဒုက္ခသည်စခန်းကနေ ကျောင်းလာတက်တာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အတွက် ကလေးတချို့ ကျောင်းထုတ်ခံခဲ့ရတဲ့နောက် အဆိုပါကလေးတွေရဲ့ ပညာရေး မထိခိုက်စေဖို့  သက်ဆိုင်ရာက နည်းလမ်းတွေ ရှာဖွေခဲ့ပါတယ်။ 

ထိုင်းပညာရေးဝန်ကြီးဌာနအနေနဲ့  ဒက္ခသည်စခန်းထဲမှာ ပညာရေးစီမံပေးဖို့ လိုအပ်တာကြောင့် လုပ်ငန်းစဉ် ကာလအပိုင်းအခြား ၂ ခုနဲ့ ဆောင်ရွက်ပေးသွားဖို့ ရှိတယ်လို့  ထိုင်းပညာရေးဌာနဝန်ကြီး နိုင်းပရဆေတ် ကျန်ထွဏ်းဝုန်းထောင်းက ပြောကြောင်း ဩဂုတ် ၂၉ ရက်ထုတ် ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ပထမ ကာလအပိုင်းအခြားမှာ ဒုက္ခသည်စခန်းတွင်း ပညာရေးစီစဉ်ပေးနိုင်မဲ့ နည်းလမ်းရှာဖွေပြီး ကလေးတိုင်း ပညာသင်ကြားခွင့်ရရေး အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်။ ရေရှည်ကာလမှာတော့ သက်ဆိုင်ရာဥပဒေတွေ ပြန်လည်စိစစ်မယ်၊ တကယ်လို့ ဥပဒေက စခန်းထဲက ကလေးတွေကို စခန်းပြင်ပမှာ ပညာသင်ခွင့် တားမြစ်ထားတယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းတွေ၊ ပဋိဉာဉ်စာချုပ်တွေနဲ့အညီ လျှော့ပေါ့ပေးနိုင်ဖို့ သင့်တော်တဲ့ နည်းလမ်းကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ 

ထာ့ဆောင်ယန်းနဲ့ မယ်လမတ် စာသင်ကျောင်းကနေ ထုတ်ပယ်ခံထားရတဲ့ မယ်လ ဒုက္ခသည်စခန်းက ကလေး ၁၃ ယောက်နဲ့ ပတ်သက်ပြီး  ခုလာမဲ့ ဩဂုတ် ၃၁ ရက်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတွေကို ဖိတ်ခေါ်ဆွေးနွေးဖို့ရှိပါတယ်။ 

ပညာရေးဝန်ကြီးဌာနအနေနဲ့ သာမန်အားဖြင့် ကလေးတိုင်းကို ကျောင်းတက်ခွင့်ပြုထားပေမဲ့ နိုင်ငံတော်စစ်ဆေးရေးရုံး ဒါမှမဟုတ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တချို့အချက်တွေ ထောက်ပြလာရင် ကူညီပေးနိုင်မဲ့ နည်းလမ်းတွေကို စိစစ်သွားရမယ်လို့  ပညာရေးဝန်ကြီးက ပြောပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပညာရှင် ‌ဒေါက်တာ ဘုန်းကွတ် နဖားအမ်းဖွန်းကလည်း  ပညာရေးဝန်ကြီးဌာနအနေနဲ့ လူတိုင်းအတွက်ပညာရေး Education for All  ဆိုတဲ့ မူဝါဒကို စွဲကိုင်ထားတာကို ထောက်ခံတယ်။ အဲဒီကိစ္စဟာ နိုင်ငံတကာစင်မြင့်မှာ ထိုင်းနိုင်ငံက ပေးထားတဲ့  လူ့အခွင့်အရေးကတိကဝတ်တွေနဲ့  လျော်ညီတယ်လို့ ပြောပါတယ်။ 

ဒါပေမဲ့ တိုးတက်မှုမရှိရင် ဒီနှစ်ကုန်ပိုင်း ကျင်းပမဲ့ UPR (Universal Periodic Review) လူ့အခွင့်အရေးသုံးသပ်မှု လုပ်ငန်းစဉ်မှာ နိုင်ငံတကာရဲ့ ထောက်ပြဝေဖန်မှုတွေကို ထိုင်းနိုင်ငံအနေနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာဖြစ်တာကြောင့် နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေမယ်လို့ သတိပေးပြောပါတယ်။ 

ဒုက္ခသည်စခန်းက ကလေးတိုင်းကို ထိုင်းကျောင်းမှာလက်ခံထားဖို့ တောင်းဆိုနေတာမဟုတ်ဘဲ စခန်းထဲမှာဖြစ်ဖြစ်၊ စခန်းပြင်ပမှာဖြစ်ဖြစ် သင့်တော်တဲ့ သင်ကြား‌ရေးကို ပညာရေးဝန်ကြီးဌာနအနေနဲ့ စီစဉ်ပေးဖို့သာ တောင်းဆိုတာလို့ ဒေါက်တာဘုန်းကွတ်က ပြောသွားပါတယ်။ 

Source: The Reporters / Transborder News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013